Site icon

ပူတာအို- ခေါင်လန်ဖူး နေ့ချင်းပေါက်ခရီး သွားလာနိုင်ပြီ

ဓာတ်ပုံ- Soe Kyi

စက်တင်ဘာ၊၂၀

ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့နယ်ကို တစ်ရက်ခရီးနဲ့ သွားလာလို့ ရနိုင်ပြီဖြစ်တယ်လို့ ပူတာအိုဒေသခံအချို့ ဆီကနေ သိရပါတယ်။

အရင်က ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့ကို ခြေလျင်နဲ့(၁၅)ရက်လောက် ကြာ သွားရတဲ့ခရီးကို တစ်ရက်နဲ့ ခရီးပေါက်သွားတာ ဖြစ်ပါတယ်။

“စက်တင်ဘာလ(၁၄)ရက်နေ့မှာတော့ အိမ်စီးကား စတင်ရောက်ရှိနေတယ်ဆိုပြီး ကြားသိရတယ်။ ကားအကြီးတွေတော့ မရသေးဘူး။ မိုးမရွာဘူးဆိုရင်တော့ တစ်နေ့ခရီးနဲ့ ခေါင်လန်ဖူးထိ ရောက်ရှိနိုင်ပြီ။ ပူတာအိုကနေဆိုရင် ခေါင်လန်ဖူးထိ(၉)နာရီမောင်းတယ်။ မိုင်ပေါင်းက (၁၁၅)မိုင်လောက်ရှိတယ်။ အရင်က ဆိုင်ကယ်နဲ့တောင်မရဘူး။ (၂၀၁၉)လောက်ကနေစပြီးမှပဲ ဆိုင်ကယ်နဲ့ စွန့်စားသွားလာ နေကြပြီပေါ့။ အခုတောင်မှ နေပူမှ သွားလို့ရတဲ့ အနေအထား ဖြစ်တယ်။”လို့ သူက ဆိုပါတယ်။

အဲဒီ ပူတာအို-ခေါင်လန်ဖူး သွားတဲ့လမ်းကို NLDအစိုးရလက်ထက်က လပြည့်ဝန်းကုမ္ပဏီနဲ့ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေး (နတလ) ဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၁၆ခုနှစ် ဒီဇင်ဘာလကနေ စတင်လုပ်ဆောင်ခဲ့တဲ့ လမ်းဖြစ်ပါတယ်။

ခေါင်လန်ဖူးကို သွားတဲ့လမ်းပေါက်နေပြီ ဖြစ်ပေမယ့်တောင်စောင်းတွေကို ဖောက်လုပ်ထားတဲ့လမ်းမှာ ကျောက်ချောလမ်း မခင်းသေးတဲ့အတွက်ကြောင့် လက်ရှိမှာတော့ ကုန်တင်ကား၊ ခရီးသည်တင်ယာဉ်တွေ သွားလို့မရသေးဘူးလို့လည်း သိရပါတယ်။

” တောင်စောင်းတွေကို ဖောက်ထားတဲ့ လမ်းခရီးဖြစ်တဲ့အတွက် တော်ရုံနဲ့ တက်လို့ မရဘူးပေါ့။ သူက ကျောက်ချောလမ်း မခင်းရသေးဘူး။ မိုးတွင်းဆိုရင်တော့ သွားလို့မရဘူး။ ကျောက်ချောလမ်းခင်းပြီးမှပဲ နွေ၊ မိုး၊ ဆောင်း သွားလို့ရနိုင်မယ်။ ကြာတော့ ကြာဦးမယ်။ အဲဒီဘက်က တောင်ကျရေများတော့လေ။ ဆောင်းရာသီတော့ သွားလို့ရပြီပေါ့။ ကားက အသေးဆိုပေမယ့် အမာဖြစ်ရမှာပေါ့။ ကုန်တင်ကား၊ ခရီးသည်ယာဉ်တွေတော့ မရောက်နိုင်သေးဘူး။”လို့ အထက်ပါဒေသခံက ဆိုပါတယ်။

အခုလို ကားအ‌သေးတွေ သွားလာနိုင်တဲ့ အခြေအနေ ရောက်ရှိလာပြီ ဖြစ်တာကြောင့် ခေါင်လန်ဖူးမြို့နယ်အတွက် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဖက်ဖက်က ပိုမို တိုးတက်လာတော့မှာ ဖြစ်တယ်လို့လည်း ဒေသခံက သုံးသပ်ပါတယ်။