စက်တင်ဘာ၊၂၃
ဒီကနေ့ နမ္မတီးဘက်ကနေ တက်လာတဲ့ စစ်ကား(၃)စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးတဲ့နောက် ခြေလျင်နဲ့ စစ်ကြောင်း ပြန်ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ လွယ်လီချောင်းအကျော် ဒွမ်ဘွမ် အောက်ဘက်မှာရှိတဲ့ တာဝါတိုင်အနီးမှာ ညနေ(၆)နာရီလောက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီစစ်ကားတွေဟာ ဒီကနေ့ မိုးကောင်းမြို့နယ်၊ မရန်ကထောင်အကျော် မကောက်ဇွပ်ကုန်းမှာ နားနေချိန် မိုင်းခွဲတိုက်ခိုက်ခံရပြီး ခြေလျင်နဲ့ ပြန်လည် စစ်ကြောင်းဆင်ခဲ့တယ်လို့ သိရပါတယ်။
စစ်သားတွေဟာ လွယ်လီချောင်းအကျော်ကနေ (၂)မိုင်လောက်ဝေးတဲ့ တာဝါတိုင်အနီးမှာ KIAနဲ့ ထိပ်တိုက် တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့ ကားနဲ့တက်လာတဲ့သူတွေ ဟုတ်တယ်။ကားနဲ့တက်လာပြီးနောက် ခြေကျင်နဲ့ ပြန်တက်လာကြတဲ့အချိန် လွယ်လီချောင်းအကျော်ရောက်တော့ ပစ်ကြတာ ဟုတ်တယ်။ မကောက်ဇွပ်ကနေ (၃)မိုင်လောက် ဝေးမယ်။ လွယ်လီချောင်းကနေ တာဝါတိုင်ထိဆို(၂)မိုင်လောက်ပေါ့။ တာဝါတိုင်တော့ မရောက်ဘူး။ “လို့ ဒေသခံက ရှင်းပြပါတယ်။
တိုက်ပွဲဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းမှာအင်အား(၁၀၀)ဝန်းကျင်လောက် ရှိနိုင်တယ်လို့လည်း သိရပါတယ်။
အခု တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တပ်မဟာ (၂ )အောက်တပ်ရင်း (၁၁)တွေရဲ့ နယ်မြေဖြစ်တယ်လို့လည်း သိရပါတယ်။

