Site icon

မိုင်းနောင်ကျေးရွားအနီး စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

အောက်တိုဘာ၊၉

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနီးမှာ ဒီကနေ့ အောက်တိုဘာလ(၉)ရက်နေ့ နေ့လယ် (၁၂) နာရီလောက်က စစ်ကောင်စီတပ်တွေကနေ ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်လို့ သိရပါတယ်။

နေ့လယ်(၁၂)နာရီခွဲခန့်က မိုင်းနောင်ကျေးရွာတစ်ဝိုက်မှာ ဂျက်လေယာဉ် ပျံဝဲခဲ့ပြီးနောက် ဗုံးသုံးလုံး ပစ်ချသွားတာဖြစ်တယ်လို့ မိုင်းနောင်ဒေသခံတစ်ဦးက National Unity Media(NUM)ကိုပြောပါတယ်။

” (၁၂)နာရီကျော်လောက်က ဂျက်လေယာဉ်နှစ်စင်း သုံးလေးခေါက်လောက် ပျံဝဲပြီး ဗုံးသုံးခါ လာပစ်သွားတာ။ ရွာဘက်မှာတော့ မဟုတ်ဘူး KIA တွေရှိတဲ့ဘက် မှန်းပြီးမှ ပစ်သွားတာ။”လို့ ဒေသခံက ပြောပါတယ်။

လက်ရှိအချိန် ထိခိုက်ပျက်စီးမှုတွေ မသိရှိသေးရသေးပေမဲ့ ဒေသခံတွေကတော့ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ရက်ကလည်း မိုင်းနောင်ကျေးရွာဘက်မှာ ဂျက်လေယာဉ် ပျံသန်းတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။