အောက်တိုဘာ၊၉
ဖားကန့်မြို့နယ်၊ ဒွမ်ဘန် ကျေးရွာအုပ်စု မန်ပန်ကျေးရွာမှာ မနေ့က နေ့လယ် (၁)နာရီလောက်မှာ စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် လက်ရှိ တစ်ရွာလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့က ရှထူးဇွပ်ကနေ ခြေလျင်နဲ့ ဆင်းလာတဲ့ စစ်သားတွေကို KIAကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ အပြီး မန်ပန်ရွာထိပ်မှာ မိုင်းဆွဲခံရပြီးတဲ့နောက် စစ်ကောင်စီ တပ်ကနေ ရွာအတွင်း ရမ်းသမ်း ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မန်ပန် ရွာထိပ်မှာ သူတို့ မိုင်းဆွဲခံရတာ။ အဲဒီနောက် ရွာကို ပစ်တော့တာပဲ။ မနေ့က (၁)နာရီကျော်လောက်မှာ ဟုတ်တယ်။ အခု ရွာက ပြည်သူတွေ အားလုံးတော့ မနေ့ညကတည်းက အကုန်ထွက်ပြေးသွားပြီ။ ပြည်သူတွေ ဘယ်သူမှ မရှိတော့ဘူး။ မပြေးဘဲနဲ့ နေနေတာကတော့ တပ်က ကတော်တွေနဲ့ ဈေးရောင်းတဲ့သူတွေပဲ ရှိတော့တယ်။ ဒွမ်ဘန်နဲ့ မန်ပန်က နီးတယ်။ ကြားမှာက စစ်တပ်(၂၉၈)လည်း ရှိတယ်”လို့ သူက ပြောပါတယ်။
အဲဒီလို ရမ်းသမ်းပစ်ခတ်တာကြောင့် ကျေးရွာနေ ပြည်သူတွေက ဘုရားကျောင်းတွေဆီ ထွက်ပြေးခဲ့ပေမယ့် အဲဒီအထိပါ လိုက်လံပစ်ခတ်ခဲ့ တယ်လို့ သူက ဆိုပါတယ်။
“ပြည်သူတွေက ကြောက်တော့ ဘုရားကျောင်းတွေဆီ ပြေးကြတယ်။ ဘုရားကျောင်းက လမ်းပေါ်မှာပဲဆိုတော့ သူတို့က လူရှိနိုင်တယ် ပစ်ပစ်ဆိုပြီး ပစ်ကြတာ။ ဒီမနက် သွားကြည့်တော့ သေနတ်အချက်ရေ (၅၀)ကျော်လောက်တော့ ရှိမယ်။ နံရံတွေလည်း လက်နက်ကြီးကြောင့် အကုန်ပျက်သွားပြီ။ အခုက ပစ်က မပစ်ဘဲနဲ့ ဗုံးဘဲ လာပစ်ကြတော့ ကျွန်တော်တို့ ပြည်သူတွေပဲ ဒုက္ခရောက်ရတယ်။ ပျားအုံကို တုတ်နဲ့ထိုးသလို လာလုပ်ထားတဲ့ အခြေအနေ ဖြစ်နေတယ်။ ပစ်ခတ်တိုက်ခိုက်ပြီး ဖြစ်တာက ကျွန်တော်တို့တွက် ပိုခံသာသေးတယ်”လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် လူအထိအခိုက် မရှိပေမယ့် နွားတစ်ကောင် သေဆုံးခဲ့ပြီး ဘုရားကျောင်းအပါအဝင် နေအိမ်အချို့ ထိခိုက် ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
မန်ပန်ကျေးရွာမှာ အိမ်ခြေ(၃၀၀)ကျော်လောက်ရှိပြီး လက်ရှိ ပြည်သူတွေအနေနဲ့ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

