Site icon

လဝါးကျေးရွာက စစ်ဘေးရှောင်တွေအတွက် ဆေးဝါး အရေးတကြီးလိုအပ်နေ

အောက်တိုဘာ၊၁၁
ဖားကန့်မြို့နယ်၊ လဝါးကျေးရွာက စစ်ဘေးတိမ်းရှောင်‌နေရတဲ့ နေရာတွေမှာ ခုရက်ပိုင်းအတွင်း ဖျားနာမှုတွေ များပြားလာတာကြောင့် ဆေးဝါး‌တွေ အရေးတကြီး လိုအပ်နေတယ်လို့ ခွမ်ဆိုင်ယန်ဒေသခံတွေဆီက‌နေ သိရပါတယ်။
လက်ရှိအချိန် အဲဒီတိမ်းရှောင်တဲ့နေရာတွေမှာ ကိုဗစ်‌ ရောဂါ လက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုးတာ၊အနံ့ပျောက်တာနဲ့ ဖျားနာတာတွေ ဖြစ်ပွားနေတာကြောင့် ဆေးဝါးတွေ လိုအပ်နေတယ်လို့ ခွမ်ဆိုင်ယန်ဒေသခံတစ်ဦးက National Unity Media (NUM)ကိုပြောပါတယ်။

“ဆေးဝါးတွေ လိုအပ်နေတယ်။ကျွန်တော်တို့ဆီမှာက ကျန်းမာရေးနဲ့ပတ်သက်ပြီး ကြည့်ပေး စစ်ဆေးပေးမယ့် ဆေးကျွမ်းကျင် ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့ ပိုခက်ခဲပါတယ်။”
လို့ ဒေသခံက ဆိုပါတယ်။
ခွမ်ဆိုင်ယန်ကျေးရွာမှာ လူဦးရေ (၈၀၀)နီးပါးရှိပြီး အဲဒီဒေသခံတွေဟာ တောင်ယာ လုပ်ကိုင်စားသောက်ကြတာရှိသလို လက်လုပ်လက်စား ရှာဖွေစားသောက်သူတွေလည်း ရှိတာကြောင့် စားဝတ်နေရေး ခက်ခဲမှုတွေလည်း ရှိတယ်လို့ ဒေသခံက NUMကို ဆက်လက်ပြောပါတယ်။

“တချို့ဆို ဒီနေ့ အသီးအရွက်ခူးပြီး မနက်ဖြန် ဈေးသွားပြီးမှ ဟင်းဝယ်စား လိုတာဝယ်ပြီး နေတဲ့သူတွေများတော့ ကျွန်တော်တို့ရွာက ခက်ခဲတာတွေတော့ အများကြီးရှိပါတယ်။ခံစားရတာက ခုရှာခုစား သူတွေဆို တော်တော် စိတ်မကောင်းစရာဖြစ်တာပေါ့။”
လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ လီဒီုလမ်းတစ်လျောက်မှာ တိုးချဲ့သွားလာနေတဲ့ စစ်ကြောင်းတွေကြောင့် ခွမ်ဆိုင်ယန်ဒေသခံအများစုဟာ လဝါးကျေးရွာက နီးစပ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။