Site icon

မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်မှာ ကိုဗစ်အတည်ပြုလူနာ (၃၀) လောက်ရှိနေ

အောက်တိုဘာ၊၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နောင်နန်းတိုက်နယ်အုပ်စု (၁၀) မိုင်ကျေးရွာမှာ ကိုဗစ်အတည်ပြုလူနာ (၃၀) လောက် ရှိနေပြီဖြစ်တယ်လို့ ကိုဗစ် စေတနာ့၀န်ထမ်း(Volunteer)လုပ်နေတဲ့ လူငယ်တစ်ဦးဆီကနေ သိရပါတယ်။

ကိုဗစ် Volunteer တွေအနေနဲ့ ဆယ်မိုင်ရွာတွင်း စျေးပြန်လည် ဖွင့်ပြီးတဲ့နောက်ပိုင်း ကိုဗစ်ပြန်လည် ဖြစ်ပွားမှုနှုန်း များပြားလာတာဖြစ်ပြီးတော့ ကိုဗစ်အတည်ပြုလူနာတွေ ရှိတဲ့အိမ်တွေကို အသင်းတော်ကနေပြီးတော့ အစားအ‌သောက်ထောက်ပံ့ပေးတာတွေ ပိုးသတ်ဆေး ဖြန်းပေးတာတွေကို ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။


” အရင်တော့ နည်းနည်း သက်သာတယ်။ ခုတစ်လော မနက်စျေး ဖွင့်လိုက်တော့ ပိုဆိုးသွားတာပေါ့။ အသင်းတော်ကနေ ပြီးတော့ Covid Committee ဖွဲ့ထားပြီး ကိုဗစ် စစ်ဆေးတာတွေ လုပ်ပေးနေတယ်။ ပိုးတွေ့လူနာရှိပြီ ဆိုရင် ကျေးရွာကို ပြောပြီး Home Quarantine ထားတာတွေ လုပ်ပေးတယ်။ အသင်းတော်ကနေလည်း ဆန်၊ ဆီ၊ ဆား တွေ ထောက်ပံ့ပေးတယ်”
လို့ volunteer ပြုလုပ်နေတဲ့ လူငယ်က ဆိုပါတယ်။

ကျေးရွာတွင်း ကိုဗစ် Center တွေလည်း မရှိတာကြောင့် ကိုဗစ်ကြောင့် ဆိုးဆိုးရွားရွား ဖျားနာခဲ့ရင် ကိုဗစ် Center တွေကို ပို့ဆောင်ပေးဖို့နဲ့ ကိုဗစ်နိုင်တင်းကပ်ရောဂါကို တိုက်ထုတ်တွန်းလှန်သွားဖို့ ရည်ရွယ်လုပ်‌ဆောင်တာ ဖြစ်တယ်လို့လည်း အထက်ပါလူငယ်က ဆိုပါတယ်။

ကိုဗစ် Volunteer ပြုလုပ်နေတဲ့ သူတွေအနေနဲ့ ကိုဗစ် Test kit တွေ လိုအပ်မှုရှိနေပြီး ကိုဗစ်အခြေနေ ဆိုးရွားလာတဲ့တွက် ကျေးရွာတွင်းရှိ မနက်စျေးကိုလည်း ပြန်လည် ပိတ်စေချင်တယ်လို့လည်း ဆိုပါတယ်။