Site icon

မြစ်ဆုံ‌ဒေသတွင် စက်ယန္တရားကြီးများဖြင့်ရွှေတူးဖော်နေခြင်းကြောင့် သဘာဝဘေးဆိုးကျိုးများဖြစ်ပေါ်လာပါက တူးဖော်သူများနှင့် အားပေးထောက်ခံသူများနှင့်သာ သက်ဆိုင်ကြောင်းသဘောထားထုတ်ပြန်

အောက်တိုဘာ၊ ၁၄

ဧရာဝတီမြစ်ဆုံဒေသတွင် စက်ယန္တရားကြီးများဖြင့်ရွှေတူးဖော်နေခြင်းကြောင့် ရေရှည်နောက်ဆက်တွဲသဘာဝဆိုးကျိုးများ၊လူမှုဆိုးကျိုးများဖြစ်ပေါ်လာပါက စက်ယန္တယားများဖြင့် ရွှေတူးဖော်သူများ၊ခွင့်ပြုသူများ၊ အားပေးထောက်ခံသူများနှင့်သာ သက်ဆိုင်မည်ဖြစ်ကြောင်း မြစ်ဆုံဒေသခံလူထုမှ သဘောထားထုတ်ပြန်လိုက်သည်။

ဧရာဝတီမြစ်ဆုံဒေသသည် တစ်မျိုးသားလုံးချစ်မြတ်နိုးတန်ဖိုးထားသော သဘာဝတရားတစ်ခုဖြစ်ပြီး ယန္တယားကြီးများဖြင့် ရွှေတူးဖော်နေမှုများ ရှိနေသောကြောင့် မတူးဖော်ကြရန် ရွာသူရွာသားများ၏ သဘောထားဖြစ်ကြောင့် မြစ်ဆုံအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“ကျွန်မတို့ မြစ်ဆုံ ဧရိယာမှာ ယန္တရားစက်ကြီးတွေနဲ့ရွှေတူးဖော်နေလို့ မတူးပေးဖို့က ကျမတို့ ရွာသူရွာသားတွေရဲ့ သဘောထားဟုတ်တယ်။ သူတို့စလာတာတော့ တစ်လ နှစ်လ လောက်တော့ရှိပြီ။ အခုကတော့ ပိုပြီးမှ တွင်ကျယ်အောင် သူတို့လုပ်လာခဲ့တယ်။ သူတို့လုပ်တာက တစ်ဦးတစ်ယောက်ကနေစပြီးတော့ အများကြီးဖြစ်လာတာပေါ့။စက်ယန္တရားကြီးတွေနဲ့အများကြီးဖြစ်လာတာ။” ဟုဆိုသည်။

ဧရာဝတီမြစ်ဆုံဒေသတွင် စက်ယန္တရားများဖြင့်ရွှေတူးဖော်ခြင်းကို ဒေသခံလူထုများမှ အစဉ်အမြဲကန့်ကွက်ခဲ့ခြင်းကြောင့် ရွှေတူးဖော်ခြင်းများစွာရပ်ဆိုင်းခဲ့သေးသည်။

လတ်တလော အခြေနေတွင်မှု တချို့သောလုပ်ငန်းရှင်များသည် ရွှေတူးဖော်ခြင်းများမှ ရရှိသော အရင်းအနှီးငွေများဖြင့် မြစ်ဆုံကမ်းနဘေး ပြန်လည်ပြုပြင်ထိန်းသိမ်းရေးနှင့် သာယာလှပရေးဟူသောခေါင်းစဉ်များဖြင့် ရွှေတူးဖော်နေကြကြောင်း အထက်ပါ မြစ်ဆုံအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆက်လက်ပြောသည်။

” ဒီနေရာကတော့ ကျမတို့အမြဲတမ်းကန့်ကွက်နေတာ အခုချိန်ထိပေါ့။ မြစ်ဆုံဧရိယာကို ဖျက်ဆီးသွားမှာ ကျမတို့က စိုးရိမ်လို့ ပေါ့။ အရင်တုန်းကလည်းကျမတို့လုံးဝမတူးခိုင်းဘူး။ အရင်ကလည်းတူးနေကြတယ်။ ဒါပေမယ့်ကျမတို့ မတူးအောင်ကန့်ကွက်ခဲ့တယ် အခုအချိန်ထိပဲ။ အခုလိုဖြစ်လာတယ်ဆိုတော့ ကျမတို့အရမ်းစိုးရိမ်တယ်။ ဘာကြောင့်လဲဆိုရင် ကျမတို့က မြစ်ဆုံနဲ့ အရမ်းနီးနေတဲ့နေရာဖြစ်တယ်။” လို့ ဒေသခံက ဆိုပါတယ်။

ပြန်လည်ပြုပြင်ထားသော ကမ်းနဘေးမြေသားများသည် သဘာဝအတ်ိုင်း ကျစ်လစ်ခိုင်မာမှု မရှိနိုင်သောကြောင့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက စိုးရိမ်ဖွယ်ဖြစ်ကြောင်းနှင့် စိန်ခေါ်မှုအမျိုးမျိုးလည်း ရှိလာနိုင်ကြောင်းလည်း ဒေသခံလူထုသဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။