Site icon

KNU/ KNLA နှင့် စစ်ကောင်စီတို့ ယမန်နေ့က ဖြစ်ပွားခဲ့သော ပစ်ခတ်မှု (၅) ကြိမ်အတွင်း စစ်ကောင်စီဘက်က (၁၄) ဦးသေ၊ (၉) ဦးဒဏ်ရာရ

အောက်တိုဘာ ၂၅

ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ်အတွင်း ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် အာဏာသိမ်းစစ်ကောင်စီ စကခ (၈) လက်အောက်ခံ ခမရ (၄၀၆) စစ်ကြောင်း (၂)၊ BGF -၁၀၁၃ တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့ တို့အကြား ယမန်နေ့ အောက်တိုဘာ (၂၄) ရက်နေ့က (၁) ရက်ထဲတွင် ထိတွေ့ပစ်ခတ်မှု (၅) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၁၄) ဦးသေဆုံးကာ (၉) ဦးဒဏ်ရာ ရရှိကြောင်း KNU သထုံခရိုင်မှ သတင်းထုတ်ပြန်သည်။

” စစ်ကောင်စီဖက်က (၁၄) ယောက်သေတယ်။ (၉) ဦးဒဏ်ရာရတယ် ခန့်မှန်းခြေပေါ့၊ ဒီထက်လည်းများနိုင်တယ်၊ KNLA ဖက်ကတော့ ထိခိုက်မှုမရှိဘူး” ဟု တန်းစစ်မြေပြင်မှ KNLA တပ်မှူးတစ်ဦးကို ကိုးကားပြီး KNU မှ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာ (၅) နေရာမှာ အောက်တိုဘာလ (၂၄) ရက်နေ့ နံနက်( ၄)နာရီ (၅၀) မိနစ် တွင် ထီးညာလူကျေးရွာနှင့် ဝမ်းဘဲအင်းကျေးရွာကြား၊ အင်တောကျေးရွာနှင့် ဝမ်းဘဲအင်းကျေးရွာကြား၊ နံနက် ၇နာရီခွဲတွင် ဆောဘိနားကျေးရွာအနီး၊ နံနက် (၉) နာရီ (၅၅) မိနစ်တွင် ထုံးဘို လေးကျေးရွာနှင့် ဝီယော် ကျေးရွာကြား၊ နံနက် (၉) နာရီ (၅) မိနစ်တွင် ထုံးဘိုကြီးကျေးရွာနှင့် ထုံးဘိုလေး ကျေးရွာအကြားတို့ဖြစ်သည်။

တိုက်ပွဲ (၅) ကြိမ်ဖြစ်ပွားပြီးနောက် ထုံးဘိုလေးကျေးရွာ ဘုန်းတော်ကြီးကျောင်း အတွင်းစခန်းချ တပ်စွဲ့ထားသော တပ်ခွဲမူးကျော်ဇင်လှဦးဆောင်သည့် တပ်မ (၂၂)၊ ခမရ (၂၀၁)တပ်ရင်းမှ လက်နက်ကြီး (၆၀ မမ) ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ထုံးဘိုကြီးကျေးရွာ ရွာလယ်ရှိ နော်ဆောင်ဘူး၏ အိမ်ဘေးသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကေအဲန်ယူ-သထုံခရိုင်၊ တပ်မဟာ (၁)အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များ၏ စစ်ရေးလုပ်ရှားမှုနှင့် လူ့အခွင့်ရေးချိုးဖေါက်မှု များကြောင့် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNLA) တပ်မဟာ(၁) လက်အောက်ခံတပ်များနှင့် ရက်ပေါင်း (၂၀)အတွင်း တိုက်ပွဲပေါင်း ( ၃၀ ) ကျော် ဖြစ်ပွားခဲ့ သည်။