မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက်တစ်နေ့ထက်တစ်နေ့ ပြည်သူတွေဟာ စားဝတ်နေရေး အကြပ်တည်းတွေနဲ့ ရင်ဆိုင်လာနေရပါတယ်။နိုင်ငံရေး အကြပ်အတည်းကြားကနေ ကိုဗစ်ရောဂါ ကူးစက်မှုကလည်း မြင့်တက်နေတာကြောင့်အလုပ်လုပ်ဖို့ ခက်ခဲလာပြီး တချို့ ဈေးဆိုင်၊ အလုပ်ရုံတွေ ပိတ်သိမ်းတဲ့အထိ ရှိလာပါတယ်။ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကြောင့် သာမန်လူတွေတောင် ခက်ခဲနေတဲ့အခြေအနေမှာ အကူအညီကင်းမဲ့နေတဲ့ မသန်စွမ်းသူတွေ အတွက်တော့ လက်ရှိ စားဝတ်နေရေးဖြေရှင်းနေရတာ မသက်သာလှပါဘူး။
ဆင်းရဲနွမ်းပါးလှတဲ့ မသန်စွမ်းတွေဟာ အရင်ချိန်တွေက မြစ်ကြီးနားမြို့ပေါ်မှာ တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ အကူအညီတောင်းခံပြီး စားဝတ်နေရေး ဖြေရှင်းနိုင်ကြပေမဲ့ လက်ရှိ နိုင်ငံရေး၊ကိုဗစ်ရောဂါ အခြေအနေတွေကြောင့် လိုက်လံ အကူအညီ တောင်းခံလို့ အဆင်မပြေတော့တဲ့အခက်နဲ့ ကြုံနေရပါပြီ။
ကလေးတွေလည်း ရှိတော့ ဆေးဖိုးဝါးခ၊ ဖနပ်ပျက်ရင် ဖိနပ်ဝယ်ပေးမယ့် အဆင့်တောင် မရှိတဲ့အချိန်ဖြစ်တယ် လို့ ပြောလာသူကတော့ အမြင်အာရုံမသန်စွမ်းသူ ကလေး(၄)ယောက်ရဲ့ မိခင်မုဆိုးမ တစ်ဦးပဲ ဖြစ်ပါတယ်။သူမဟာ အရင်က တစ်အိမ်ဝင် တစ်အိမ်ထွက်နဲ့ လိုက်လံ အကူအညီတောင်းခံရင်း မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရသူ ဖြစ်ပါတယ်။
လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေး၊ ကိုဗစ်အခြေအနေတွေကြောင့် လိုက်လံအကူအညီမတောင်းခံတာဟာ(၄)လလောက်ရှိနေပြီ ဖြစ်ပြီး မိသားစုမှာ ဝမ်းရေးအတွက် နေ့တကူကွ စိုးရိမ်ကြောင့်ကြနေရတဲ့အကြောင်း အခုလို ပြောပြလာပါတယ်။
“ဒီနှစ်က ကိုဗစ်ရောဂါကလည်း ဆိုး၊ နိုင်ငံရေးကလည်း ရှုပ်ဆိုတော့ တကယ်လို့ တစ်အိမ်ဝင်တစ်အိမ်ထွက် သွားမယ်ဆိုရင် ကိုယ့်ဆီမှာများ ရောဂါ ကပ်လာမလား။ ကိုယ့်ကြောင့် သူများတွေဒုက္ခရောက်သွားမလား အခုက နိုင်ငံရေးရော ရှုပ်နေတော့ သူများတွေလည်း ဈေးရောင်း/ ဝယ်ဒုက္ခရောက်တော့ မပေးနိုင်၊ မကမ်းနိုင်မှာ စိုးလို့ရော။ ကိုဗစ်ကြောင့်ရောပေါ့။ မထွက်ဖြစ်တော့တာ(၄)လ လောက် ရှိပြီ” လို့ သူက ဆိုပါတယ်။
မိသားစု ဝမ်းရေးအတွက် အကူအညီလိုက်လံ တောင်းခံချိန် ဝမ်းနည်းစရာ အဖြစ်အပျက်တွေနဲ့ကြုံတွေ့ရတဲ့ အကြောင်းကိုလည်း အခုလို ပြောပြပါတယ်။
“မိဘက မျက်စိမမြင် ဒုက္ခိတဖြစ်လို့ မျက်နှာငယ်ရတဲ့ အထဲမှာ ပို ပြီး မငယ်စေချင်ဘူး။မိဘကပဲ မျက်နှာငယ်ခံမယ်ဆိုပြီး ကလေးတွေကို မခေါ်ဘူး။ ခံစားတာကတော့မပြောတတ်လောက်အောင် ခံစားရတယ်။ တချို့ အိမ်ဆို မတူသလို၊ မတန်သလို လုပ်တာလည်းရှိတာပေါ့။ တချို့ကျတော့လည်း သနားစိတ်ကလေးနဲ့ တတ်နိုင်သလောက် ကြည်ကြည်ဖြူဖြူနဲ့ပေးတာလည်း ရှိတယ်။ ကိုယ်တွေ သူများဆီ အကူအညီတောင်းတဲ့ ဘဝရောက်နေတဲ့ အခါကျတော့တစ်ခုစိတ်မပျော်တာက သူများက မကြည်ဖြူဘဲနဲ့ ပေးလိုက်တဲ့ အစားအစာကို ကိုယ့်သားသမီးကိုကျွေးလိုက်တဲ့ အခါ ကိုယ့်သား၊ သမီး ဘယ်လို ဖြစ်လာမလဲပေါ့။ ဘုရားဆီ ဆုတောင်းတယ်။ကလေးတွေရဲ့ဘဝမှာ သံသရာလည်ပြီး ငြိတွယ်ခြင်း မရှိပါစေနဲ့လို့ ဆုတောင်းတယ်။အခုအရမ်းခက်ခဲရင်လည်း ကလေးတွေကို ပညာတတ်ဖြစ်စေချင်တယ်။” လို့ ဆိုပါတယ်။
လက်ရှိ သူတို့ မိသားစုလေးဟာ အလှူရှင် အချို့ရဲ့ လာရောက်လှူဒါန်းမှုနဲ့ စားဝတ်နေရေးကိုပြေလည်အောင် ဖြေရှင်းနေကြပါတယ်။အလားတူ အမြင်အာရုံမသန်စွမ်းသူတစ်ဦးကလည်း တစ်အိမ်ဝင် တစ်အိမ်ထွက် အကူအညီမတောင်းခံနိုင်တဲ့ အခြေအနေကြောင့် မိသားစု(၇)ယောက်ရှိတဲ့ သူမတို့အိမ်အတွက်စိုးရိမ်နေပါတယ်။
အရင်ချိန် လိုက်လံအကူအညီ တောင်းခံချိန်က တစ်နေ့(၉)ထောင်ဝန်းကျင်ရတာကြောင့်မိသားစု စားဝတ်နေရေးအတွက် တွေးပူစရာမလိုပေမဲ့ အခုချိန်မှာတော့ ကုန်ဈေးနှုန်းတွေကြောင့်ပါအခက်တွေ့နေရတယ်လို့ သူမက ဆိုပါတယ်။
“သူများဆီ သွားရောက်ပြီး အကူအညီတောင်းခံပြီး စားနေရတယ်။ အခုက ဘယ်မှ မသွား၊ လာနိုင်တဲ့အခါကျတော့ အရမ်း ဒုက္ခရောက်တာပေါ့။ (၂)လကျော်ရှိပြီ။ အဆင်ပြေတဲ့ အခါမှာလည်းပြေတယ်။သူများတွေက ကောင်းကောင်းမွန်မွန်ပေးတာ ရှိသလို။ သောက ရောက်နေတဲ့ အချိန်တွေဆိုအပြောခံ ထိတာပေါ့။ ဒါပေမဲ့ ကျွန်မတို့က လိုအပ်နေတဲ့ သူတွေဆိုတော့ ဘာမှ အပြစ်မယူပါဘူး။အပြောခံရတာတော့ ရှိတာပေါ့။ မင်းတို့ မျက်စိက ငါတို့ ဖြစ်ခိုင်းတာ မဟုတ်ဘူး ဆိုတာမျိုးပေါ့။ငါတို့တွေ ထိုးဖောက်ပေးတာ မဟုတ်ဘူး ဆိုတာမျိုးတွေပေါ့။ ခံသင့်ထိုက်လို့ ခံရတာလို့ပဲယူဆပါတယ်။ ပတ်ဝန်းကျင်ကလူတွေ လာကျွေးတဲ့ဟာတွေ၊ အသင်းတော်က ဆရာတွေပေါ့။အမျိုးသားနဲ့ ကျွန်မက အမြင်အာရုံ ချို့ယွင်းသူတွေပါ။ ဆေးဝါးတွေ၊ ကလေးတွေအတွက်အသုံးအဆောင်တွေ ရရင် ကျွန်မတို့ ကျေနပ်ပါတယ်။ ကလေးတွေလည်း အရမ်းကြီးတာမပါသေးဘူးဆိုတော့ ကျွန်မတို့က အရမ်း အခက်ကြုံလာမယ်လို့ ထင်ပါတယ်။ အခုလိုသာဆက်ဖြစ်နေမယ်ဆိုရင် ပိုခက်နိုင်ပါတယ်။” လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း ကိုဗစ်ရောဂါတွေ ဆိုးရွားနေပေမဲ့ ကိုဗစ်ကူးစက်မှာကို မကြောက်တော့ဘဲမိသားစု စားဝတ်နေရေး အဆင်ပြေစေဖို့ လိုက်လံတောင်းခံ အကူအညီ တောင်းနေရတဲ့ သူတွေလည်းရှိနေပြန်ပါတယ်။စားဝတ်နေရေး ပိုမိုခက်ခဲလာတာကြောင့် မိသားစု ဝမ်းရေးအတွက် ဖြေရှင်းနိုင်ဖို့ လမ်းမပေါ်ထွက်ပြီးအကူအညီတောင်းခံရတဲ့ အကြောင်း အသက်(၅၀)ကျော်ရှိပြီ ဖြစ်တဲ့အမြင်အာရုံမသန်စွမ်းသူတစ်ဦးကလည်း “ကိုဗစ်ကြောင့် အခက်အခဲ အများကြီးကြုံလာရတယ်ဆိုတော့ နောက်ဆုံးတော့ မတတ်နိုင်လို့ ထွက်အကူအညီတောင်းရတဲ့ဘဝရောက်တာပေါ့ဗျာ။ စားရေး၊ သောက်ရေး အခက်အခဲ ရှိလာတော့ မလာရဘူး၊ မထွက်ရဘူးဆိုတာ (၂)လ၊ (၃)လရှိလာတော့ စားစရာမရှိ ဖြစ်လာတော့ မတတ်နိုင်တဲ့ အဆုံး သွားရတာပေါ့။ဒီလောက် ကြောက်စရာကောင်းတဲ့ ရောဂါ ဖြစ်နေတဲ့ အချိန် အဆူများခံရမလား စိုးရိမ်စိတ်တွေတော့အများကြီးပဲ။”
ဒါ့အပြင် ဝိုင်းမော်မြို့ဘက် ရမ်းသမ်းပစ်ခတ်မှုတွေ ရှိတာကြောင့် အနီးအနားမှာ နေထိုင်တဲ့မသန်စွမ်းသူတွေအဖို့ ထွက်ပြေးသိမ်းရှောင်ရမယ့် အခြေ အနေတွေမှာ အခက်အခဲတွေနဲ့ကြုံတွေ့ရတာတွေလည်း ရှိခဲ့ပါတယ်။ဝိုင်းမော်မြို့ ခလရတပ်ရင်း (၅၈)ကနေ ရွာတွေထဲ ရမ်းသမ်း ပစ်ခတ်မှုတွေ ရှိခဲ့စဉ်က အနီးအနားမှာနေထိုင်တဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတွေအတွက် စိုးရိမ်စရာ အခြေအနေတွေနဲ့ ကြုံခဲ့ရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ရွာအတွင်းက အချို့ကိုယ်အင်္ဂါမသန်စွမ်းသူတွေ၊ ပိုလီယို ဖြစ်နေသူတွေ၊လေဖြတ်ဝေသနာခံစားနေသူတွေနဲ့ သက်ကြီး ရွယ်အိုတွေဟာ မပြေးနိုင်တာကြောင့် အခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ အကြောင်း မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ ကချင်ပြည်နယ်အသင်း၊ ဥက္ကဌဦးဂျီဇုန်းဆောင်က အခုလို ပြောပါတယ်။
“ညကျရင် ကျည်ဆံမရောက်တဲ့ နေရာ မပြေးနိုင်ပေမဲ့ တတ်နိုင်သလောက်တော့ ပြေးတာပေါ့။ကျွန်တော်တို့က တပ်ရင်းနဲ့နီးတော့ ဘယ်အချိန် ဘာထဖြစ်မလဲ မသိဘူး။ အဆင်သင့်တော့ ပြေးဖို့အခက်အခဲတော့ ရှိတာပေါ့။ လေဖြတ်၊ ပိုလီယို၊ အသက်ကြီးတဲ့ သူတွေတော့ လုံးဝမပြေးဘဲနဲ့ရွာထဲမှာ ရှိတာ ရှိပါတယ်။ လက်ရှိတော့ ခါတိုင်းလို သေနတ်တော့ မဖြစ်တော့ဘူး။ ခါတိုင်းတော့အိမ်တောင်မှ ခါတဲ့အထိ ဖြစ်တယ်။ ဒါပေမဲ့ မသန်စွမ်းတွေအတွက် သူများလို မပြေးနိုင်ဘူး။မပြေးနိုင်တဲ့ သူတွေကတော့ သေနတ်သံကြားရင်လည်း ဒီအတိုင်း နေနေကြရတာပေါ့။တချို့တတ်နိုင်တဲ့ သူတွေတော့ တခြားပို့ထားကြတယ်။” လို့ ဆိုပါတယ်။
လက်ရှိ မသန်စွမ်းသူတွေ စားဝတ်နေရေး ခက်ခဲနေချိန်မှာလည်း အသင်းချုပ်ကနေ အကူအညီတကယ် လိုအပ်နေသူတွေကို တတ်နိုင်သလောက် ရွေးချယ် ထောက်ပံ့ပေးနေပြီး တတ်နိုင်တဲ့အလှူရျှင်တွေ အနေနဲ့လည်း အကူအညီပေးကြဖို့ ဦးဂျီဇုန်းဆောင်က တောင်းဆိုပါတယ်။
“အခုချိန်မှာ သာမန်လူတွေ ထွက်လို့ သွားလို့ သိပ်အဆင်မပြေဘူး။ လှုပ်ရှားလို့ မရတဲ့အခြေအနေဖြစ်တယ်။ ကျွန်တော်တို့ဟာ သာမန်လူရဲ့ မိသားစုမှာ မှီခိုနေတာပေါ့။ တချို့ကကိုယ်တိုင်လုပ်ပေမဲ့ အများပိုင်းက မှီခိုပေါ့။ ကိုဗစ်ကြောင့် ဟိုရွာလည်း မသွားရ ခါတိုင်းမျက်မမြင်တွေ ရွာထဲ အလှူလိုက်ခံတယ်။ အခုက ထွက်ခွင့်လည်း မရဘူး။ အိမ်ထဲမှာပဲ နေကြရတယ်။ကုန်ဈေးနှုန်းလည်း တက်လာပြီ။ ကျွန်တော်တို့က အားငယ်ရတာပေါ့။ အခက်အခဲကကိုဗစ်ကာကွယ်ဆေးတွေပေါ့။ အိပ်လည်းမပျော်ဘူး။ ကိုဗစ်ကြောင့် စားဝတ်နေရေး ခက်လာတယ်လို့ခံစားရပါတယ်။” လို့ ဆိုပါတယ်။
စားဝတ်နေရေးအတွက် စိုးရိမ်ကြောင့်ကြနေချိန် လက်ရှိ အနီးအနားမှာ သေနတ်ပစ်ခတ်သံတွေငြိမ်နေပေမဲ့ အရင်ကလို ပြန်ဖြစ်လာရင် ထွက်ရ၊ ပြေးရတဲ့ အချိန် အခက်တွေ့မှာကိုမသန်စွမ်းသူတွေက တွေးပူနေကြရတာတွေလည်း ရှိနေပြန်ပါတယ်။ခလရတပ်ရင်း(၅၈)အနီးဝန်းကျင်က ရွာတွေမှာ ကိုယ်အင်္ဂါမသန်စွမ်းသူအယောက်(၃၀)ကျော်လောက် ရှိတယ်လို့လည်း သိရပါတယ်။အရင်ချိန်တွေက ရပ်ဝေး၊ ရပ်နီး ခရီးတွေထွက်ပြီး ရန်ပုံငွေရှာ အစီအစဉ်တွေလုပ်နိုင်တာကြောင့်မိုးတွင်းအတွက် စားဝတ်နေရေးဖူလှုံပေမဲ့ ဒီကိုဗစ်ရောဂါကြီးသာ ဆက်ဖြစ်နေမယ်ဆိုရင် နောက်နှစ်မိုးရာသီအတွက်တော့ မတွေးဝံ့စရာ ဖြစ်လာနိုင်တယ်လို့ စိုးရိမ်နေတဲ့အကြောင်း လမုန်ဇွပ် မျက်မမြင်ရိပ်သာက ကြီးကြပ်ရေးမှူးက ဆိုလာပါတယ်။
လူဦးရေ(၂၀)လောက်ရှိပြီး မြစ်ကြီးနားမြို့ကနေ (၁၀)မိုင်ကျော်လောက် ဝေးတဲ့ လမုန်ဇွပ်မျက်မမြင် ရိပ်သာက သက်ကြီးရွယ်အိုတွေအတွက်လည်း လက်ရှိ စားဝတ်နေရေးအတွက်အခက်ကြုံနေရတဲ့အကြောင်း ကျောင်းရဲ့ ကြီးကြပ်ရေးမှူးက အခုလို ဆက်လက် ပြောပြလာပါတယ်။
“ကိုဗစ်ကြောင့် အပြင်မထွက်ရတာတို့။ မနက်ချက်ဖို့ ဟင်းသွားဝယ်တဲ့ အခါမှာလည်းရပ်ကွက်ဈေးဆိုင်တွေ ပိတ်လိုက်တာတို့။ ကျွန်မတို့ အနေနဲ့ အခုလို ဆောင်းပေါက်လာပြီဆိုရင်ကမ်ပိန်းသွားပြီး တစ်နှစ်လုံးစားဖို့ ရှာဖွေတာပေါ့။ အခုက ဘယ်မှာမှ သွားလို့ မရတော့စားဖို့သောက်ဖို့ ကြပ်တည်းလာပါတယ်။ နောက်ပြီး ကျောင်းသားတွေ နေမကောင်းရင်လည်းခါတိုင်းထက် ကုန်ကျစရိတ် ပိုများတယ်။ ခါတိုင်းက အလှူရှင်တွေလည်း ဆန်၊ ဆီ၊ ဆား ခဏခဏလာလှူကြတယ်။ အခုက လာလှူတဲ့သူတွေလည်း ကြဲသွားပြီ။ အရင်က ရန်ပုံငွေရှာနိုင်တယ်။ အခုက
ကိုဗစ်ကာလဆိုတော့ ငွေကြေးတွေက ရှာလို့ မရဘူး။”
ဒါ့အပြင် လက်ရှိ မြို့ထဲ သွားလာပြီး လက်မှု ပစ္စည်းတွေ ရောင်းဖို့ ကိုဗစ်ရောဂါတွေကြောင့်အခက်တွေ့နေရတဲ့အချိန် မသန်စွမ်းသူတွေကို အရင်ကထက် ပိုမို ဂရုထားဖို့မြစ်ကြီးနားမျက်မမြင်ကျောင်းအုပ် ဦးဂမ်ဖန်ကလည်း အခုလို တောင်းဆိုလိုက်ပါတယ်။
“ကျွန်တော်တို့ရဲ့ အခက်အခဲက ကိုဗစ်ကြောင့် လုပ်ရ၊ ကိုင်ရတာ မလွယ်ကူဘူး။ ဒ္ဓါတရားကို လိုက်ပြီးအလှူခံတဲ့ မသန်စွမ်းတွေ ရှိတယ်။ သူတို့အတွက် မြို့ထဲ သွားလာပြီး ပစ္စည်းတွေ ရောင်းတယ်။ကိုဗစ်ကြောင့် သွားလာခွင့် မရှိတော့ဘူး။ အခြေအနေအကြောင်းကြောင့်တော့ အခက်အခဲဖြစ်ပါတယ်။ အားလုံးက အခက်အခဲ ကြုံနေကြတဲ့ အချိန်မှာ အခက်အခဲတွေ ကြားကနေကျွန်တော်တို့ကို သတိရပေးတဲ့ အလှူရှင်တွေကို ကျေးဇူးတင်ပါတယ်။ ပိုပြီးမှ ဂရုပြုတဲ့ စိတ်ထားနဲ့ပိုပြီးမှ သတိရပေးပါလို့တောင်းဆိုချင်ပါတယ်။” လို့ ဦးဂန်ဖန်က ဆိုပါတယ်။
မသန်စွမ်း နည်းဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း အောက်ခြေမှာ ပိုမို ထိရောက်အောင် လုပ်ဆောင်လာနိုင်ဖို့ကိုလည်း မျှော်လင့်မိတဲ့ အကြောင်း သူက ဆက်လက်ပြောပါတယ်။
“၂၀၁၅မှာ ဥပဒေထွက်ပြီး ၂၀၁၇မှာ နည်းဥပဒေထွက်ထားပါတယ်။လက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာ အောက်ခြေမှာ အဲဒီလောက်မတွေ့ရဘူး။ ပြန်လည်ပြုပြင်စရာတွေလည်း ရှိလာနိုင်တယ်ပေါ့။ လက်ရှိ ထုတ်ထားတဲ့ ဥပဒေတောင် အကောင်အထည်မဖော်နိုင်ဘူး။ ဥပဒေရဲ့ သက်ရောက်မှု၊ အကျိုး ခံစားခွင့်ကို ထိထိရောက်ရောက်ခံစားလာနိုင်ဖို့ပဲတောင်းဆိုချင်ပါတယ်။” လို့ တောင်းဆိုခဲ့တာပါ။
၂၀၁၄ခုနှစ်၊ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာမသန်စွမ်းသူဦးရေ ၂.၃သန်းရှိပြီး ရာခိုင်နှုန်းအားဖြင့် ၄.၆ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီထဲကမှအမြင်အာရုံမသန်စွမ်းသူ ၂.၅ရာခိုင်နှုန်း၊ အကြားအာရုံမသန်စွမ်းသူ ၁.၃ရာခိုင်နှုန်း၊ကိုယ်အင်္ဂါမသန်စွမ်းသူ ၁.၉ရာခိုင်နှုန်းနဲ့ ဉာဏ်ရည်မသန်စွမ်းသူ ၁.၇ရာခိုင်နှုန်းရှိပါတယ်။
ကိုဗစ်ရောဂါကြီးသာ ကူးစက်မှုနှုန်း ဆက်လက် ဖြစ်ပွားနေမယ်ဆိုရင် ဝမ်းရေးအတွက် တွေးပူစရာဖြစ်လာနိုင်တာကြောင့် မသန်စွမ်းသူတွေအနေနဲ့ ကူညီဖေးမမှုတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

