မြန်မာနိုင်ငံအတွင်း ဖေဖော်ဝါရီလ (၁) ရက်နေ့တည်းကစပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ပြည်သူတွေအနေနဲ့ နိုင်ငံရေးအခက်အခဲတွေကြား ရုန်းကန်စားသောက်နေရတဲ့ချိန် ကိုဗစ်ကပ်ဆိုးကြီးဒဏ်ကိုလည်း ခါးခါးသီးသီး ခံစားကြရပြီး ကချင်ပြည်နယ် မြစ်ဖျားပိုင်းဒေသက ပြည်သူတွေမှာ အစာငတ်ဘေးကြုံမယ့် လက္ခဏာမျိုးနဲ့လည်း ကြုံတွေ့နေရပါတယ်။
ကချင်ပြည်နယ်ရဲ့ ဝေးလံခေါင်ဖျားတဲ့ နေရာဒေသတွေမှာ စားဝတ်နေရေး အမြဲအခက်ကြုံခဲ့ရသလို အခုလို နိုင်ငံ့ အရေး ကိုဗစ်အရေးတွေကြားမှာပါ ခက်ခဲနေတာပါ။
စားဝတ်နေရေးအတွက် တောင်ယာမှာ စပါးစိုက်တဲ့ လုပ်ငန်းကို အားကိုးနေရတဲ့ သူတွေဟာ စပါးခင်းတွေကို ဖျက်ဆီးခံနေရတဲ့ အရေးနဲ့ ကြုံနေရပါပြီ။ အဲဒါကတော့ စပါးခင်းတွေကို ကြွက်တွေ သောင်းကျန်းပြီး ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။
ကချင်ပြည်နယ်ရဲ့ အထက်ပိုင်းဒေသဖြစ်တဲ့ အင်ဂျန်းယန်မြို့နယ်ထဲက လရန်းကျေးရွာ၊ ဘွမ်ရွန်းကျေးရွာ နဲ့ အင်ဂွမ်းလကျေးရွာတွေမှာ ၂၀၂၁ ခုနှစ် ဩဂုတ်လကုန် စက်တင်ဘာလတည်းက ကြွက်တွေ သောင်းကျန်းနေတာကြောင့် ဒေသခံတွေအနေနဲ့ စပါးခင်းတွေ ပျက်စီးလို့ အစာငတ်ဘေးနဲ့ ကြုံရမှာကို စိုးရိမ်ပူပန်နေကြရတာ ဖြစ်ပါတယ်။
အင်ဂျန်းယန်မြို့နယ်က ဘွမ်ရွန်းကျေးရွာ နဲ့ အင်ဂွမ်းလကျေးရွာတွေဟာ ရွှေတူးဖော်ရေး လုပ်ငန်းတွေနဲ့ လုပ်ကိုင်စားသောက်လို့ရတဲ့ ဒေသဖြစ်ပေမယ့် ဒေသခံတွေဟာ ဘိုးဘေးဘီဘင် လက်ထက်တည်းက တောင်ယာလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်စားသောက်ကြတဲ့ ကျေးရွာတွေပဲ ဖြစ်ပါတယ်။
” ကျွန်တော်တို့တောင်ပေါ်ဒေသက တောင်ယာကိုဦးစားပေးလုပ်ကိုင်စားသောက်တာဆိုတော့ ခုလိုမျိုးကြုံရတော့ စိုးရိမ်တာတော့ မပြောတော့နဲ့ ဒီနှစ်လုပ်တဲ့စပါးခင်းက နောက်နှစ်မှာ စားဖို့တွက်လုပ်တာဆိုတော့ ဒီနှစ်ဒီလိုဖြစ်သွားတော့ နောက်နှစ်မှာ စားရေးသောက်ရေးခက်ခဲလာတော့မယ်လေ။ ဒီနှစ်စားတာက မနှစ်က စုဆောင်းထားတာတွေကို စားနေတာလေ ခုနှစ်က ဒီလိုဖြစ်သွားတော့ ဒုက္ခရောက်ပြီပေါ့ ဒီဘက်မှာက ရွှေတူးဖော်တဲ့ နေရာတော့ ဟုတ်တယ် ဒါပေမယ့် ဒေသခံတွေက ရွှေတူးဖို့ အရင်းအနှီးလည်းမရှိ ရွှေလည်းမတူးတတ်တော့ တောင်ယာလုပ်ပြီးနေတာ အဲ့တာ ခုနှစ်က ကြွက်တွေတော်တော် သောင်းကျန်းလိုက်တော့ ကျွန်တော်တို့က ဘက်ပေါင်းစုံကနေ စိုးရိမ်လာတော့တာပေါ့”လို့ ဆရာတော်က ဆိုပါတယ်။
အောက်တိုဘာလက စပါးရိတ်သိမ်းချိန်ကာလဖြစ်ပေမယ့် ရိတ်သိမ်းဖို့ စပါးတွေ မရှိတော့တာကြောင့် ကျေးရွာသူ/သားတွေအနေနဲ့ နောင်နှစ်အတွက် မျိုးစေ့တွေကိုတောင် မရရှိတော့တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရကြရတာပါ။
ဒါ့အပြင် အင်ဂွမ်လကျေးရွာတွင်း ကိုဗစ်အခြေအနေဆိုးရွားလာပြီး ရွာကို lock down ချထားလိုက်တာကြောင့် တောင်ယာစပါးခင်းထဲသွားဖို့ အခက်ခဲတွေနဲ့လည်း ကြုံတွေ့နေရတယ်လို့ Rev.လခိုင်တူးလိုင်က ဆိုပါတယ်။
“ကိုဗစ်ကြောင့် lock down လည်းလုပ်ထားတော့ တောင်ယာခင်းသွားဖို့လည်း ခက်ခဲတဲ့ အပိုင်းတွေရှိတယ် တောင်ယာမသွားရတာ တစ်ရက်နှစ်ရက်လောက်တော့ရှိပြီ။ ခုလက စပါးရိတ်သိမ်းချိန်လည်းဖြစ်တော့ အခင်းထဲသွာရင်လည်း ရိတ်ဖို့က မရှိဘူးလေ။ ကြွက်တွေအကုန်စားလိုက်တော့ စပါးတွေလည်း မရှိတော့ဘူးလေ”လို့ ဆရာတူးလိုင်က ပြောပါတယ်။
တောင်ယာစပါးခင်းကိုသာ အဓိကထား လုပ်ကိုင်စားသောက်ကြတဲ့ အဲဒီဒေသက သူတွေဟာ တစ်အိမ်ထောင်မှာ အနည်းဆုံး တစ်နှစ်ကို ၂ ဧက၊ ၃ ဧက ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။
ကြွက်တွေကို ရှင်းလင်းဖို့ တောင်သူတွေအနေနဲ့ နားလည်တတ်ကျွမ်းသူတွေကို မေးမြန်းကာ ဖြေရှင်းနေပေမယ့် အခုအချိန်ထိတော့ အဆင်မပြေသေးပါဘူး။
လက်ရှိမှာတော့ ရိတ်သိမ်းလို့ရပြီဖြစ်တဲ့ စပါးပင်တွေကို ဒေသခံတွေအနေနဲ့ ကြွက်တွေနဲ့ အပြိုင် လုပြီး ရိတ်နေကြရတဲ့ အနေအထားမှာရှိနေပါတယ်။
“မြေပြန့်ကသူတွေက အကုန်စားပေးလိုက်တော့ တောင်ယာတောင် မသွားကြတော့ဘူး အိမ်ခြေ ၄ အိမ် ၅ အိမ်လောက်ရှိမယ်။ စပါးရိတ်လို့ရတဲ့နေရာကတွေတော့ ကြွက်တွေနဲ့ လုပြီး ရိတ်ယူတာပေါ့။ မြေညီတဲ့နေရာတွေမှာက စပါးပင် တစ်ပင်နှစ်ပင်ပဲ ပေါက်တယ်။ စိုးရိမ်တာကတော့ လွန်ခဲ့တဲ့ ၁၉၇၅-၇၇ က ဖြစ်စဥ်ကို ကြည့်မယ်ဆိုရင် ဒီနှစ်က အချက်ပြတဲ့သဘောပေါ့။ နောက်နှစ်တွေမှာ ပိုဆိုးရင်ဆိုးလာမှာ အရင်က ဖြစ်စဥ်တွေအရဆိုရင် နောက်ထပ် ၃ နှစ်လောက်က အခုလိုဖြစ်နိုင်လို့ စိုးရိမ်တဲ့ပိုင်းတွေအများကြီးရှိတယ် တစ်ချို့တွေဆို စပါးမျိုးတွေတောင် မရလိုက်ကြဘူး” လို့ ဆရာတူးလိုင်က ဆိုပါတယ်။
မြစ်ဖျားပိုင်းဒေသမှာ ဆန်စပါးကိုပဲ ငွေအဖြစ်ပြောင်းလဲပြီး ရုန်းကန်စားသောက်နေကြတဲ့ ဒေသဖြစ်တာကြောင့် ကျောင်းစရိတ်နဲ့ စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေပုံကိုလည်း Rev. ဆနာဂျာယော်က
“အိမ်ထောင်စုအများစုက ခုလိုကြုံနေရတော့ အလှူထည့်ဖို့ရော ကလေးတွေကို အင်္ကျီဝယ်ပေးဖို့အတွက်တွေကို ဆန်တွေကို ထမ်းပြီး ရွှေမှော်တွေမှာ သွားရောင်းတာကနေ နည်းနည်းပါးပါးရတာကနေ အလှူတွေထည့်ကြတယ်။ နောက်ပြီး အစိုးရကို ထောက်ပံ့တာတွေရော ဆန်တွေရောင်းလို့ရတဲ့ ငွေတွေ ဖြစ်တယ်။ ဒါကြောင့် ဆန်မရှိရင် ခက်ခဲမှုတွေအရမ်းရှိလာမယ် ကျေးရွာတွက်ရော” လို့ ဆရာက ဆိုပါတယ်။
လက်ရှိချိန် မိမိတို့ စိုက်ပျိုးထားတဲ့ စပါးခင်းတွေထဲက ရိတ်သိမ်းလို့ရတဲ့ စပါးတွေကိုလည်း ရိတ်သိမ်းနေရတဲ့အပြင် စားဝတ်နေရေးအတွက်လည်း ကျရာ နေ့စားအလုပ်တွေကိုလည်း လုပ်ကိုင်စားသောက်နေရတယ်လို့လည်း ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“မြို့ကြီးပြကြီးတွေက ဝယ်စားဖို့ပဲရှိတော့တယ် နေ့စားလုပ်ပေါ့ ရွှေတူးတဲ့ နေရာတွေမှာ တဲဆောက်ပေး၊ စျေးရောင်းတာတွေရှိပေမယ့် လက်လုပ်လက်စားတွေပိုများတော့ အရင်ကလိုဆိုရင် ကိုယ့်တောင်ယာလည်းလုပ်ရ ဒီနေ့စားဖို့တွက်လည်း ရှာရဆိုတော့ ကိုယ့်ဝမ်းရေးဖို့ အဓိကလုပ်တဲ့ တောင်ယာခင်းကို မလုပ်ရတော့ စိုးရိမ်တာတွေအများကြီးရှိတယ်” လို့ ဒေသခံက ဆိုပါတယ်။
ကချင်ပြည်နယ် မြစ်ဖျားပိုင်းတစ်လျှောက် စပါးခင်းတွေမှာ ကြွက်တွေသောင်းကျန်းနေတာကြောင့် အစာငတ်ဘေးနဲ့ ကြုံတွေ့ရမယ့် ကျေးရွာစုစုပေါင်း (၃၀၀) လောက်ရှိပြီး ကြွက်တွေရဲ့ ရန်ကြောင့် စပါးခင်းတွေ ကုန်လုနီးပါးဖြစ်နေပါပြီ။
ဆက်သွယ်ရေး ခက်ခဲတဲ့ အဲဒီဒေသတွေမှာ လက်ရှိချိန် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ကနေ ကူညီဖြေရှင်းပေးတာတွေ၊ အကူအညီတောင်းခံပေးတာတွေ ပြုလုပ်နေပါတယ်။
“ခုချိန်ထိတော့ အကူအညီရောက်လာတာတော့ မရှိသေးဘူး ကြွက်သတ်ဆေး ၂ ဖာကိုတော့ ဒီပတ်တွင်းပို့ပေးမယ်လို့တော့ ပြောတယ် ကျွန်တော်တို့က ငွေဆိုလည်းငွေ ဆန်ဆိုလည်းဆန် လှူမယ့်သူတွေကို စောင့်နေတာပေါ့ အလှူရှင်တွေ ရောက်လာတဲ့ချိန် အကုန်လုံးအဆင်သင့် ဖြစ်နေအောင်လို့ စာရင်းတွေတော့ အကုန်ပြုစုထားပြီ ခုထိတော့ ရောက်မလာသေးဘူးပေါ့”လို့ Rev. ဆနာဂျာယော်က ဆိုပါတယ်။
ဇူလိုင်လကနေ စက်တင်ဘာလထိ လက်လှမ်းမီတဲ့ ဒေတာစုစည်းချက်အရ အိမ်ခြေ (၂၀၀) ကျော်ရဲ့ မြေဧက (၁) ထောင်ကျော်ထဲက ဧက (၆၀၀) ကျော်လောက်မှာ ကြွက်တွေ သောင်းကျန်းနေတာပဲ ဖြစ်ပါတယ်။

