နို၀င်ဘာ၊၂
ကချင်ပြည်နယ်၊ မြစ်ကြီးနား- ဖားကန့် လမ်းမပေါ်က (၁၆)မိုင်နဲ့ (၁၈)မိုင် (လွယ်ခေါကျေးရွာ)ကြားမှာ စစ်ကောင်စီတပ်ကား(၂)စီး ဖြတ်သွားချိန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မနေ့က မနက် (၁၁)နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးနဲ့ စောင့်ကြို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကား(၂)စီး ဖြတ်သွားချိန် KIAကနေ RPGနဲ့ နှစ်ခေါက်အပြင် လက်နက်ငယ်တွေ ပစ်ခတ်ခဲ့တဲ့အပြီး စစ်ကောင်စီတပ်ကလည်း အနီးအနား ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက National Unity Media (NUM) ကို ပြောပါတယ်။
“ဖြတ်သွားတဲ့ကားကို စောင့်ပစ်တာပေါ့။ (၁၁)နာရီ ဝန်းကျင်လောက် ဟုတ်မယ်။ KIAကနေ ပစ်တယ်လို့ ကြားတယ်။ RPGနဲ့ ရော လက်နက်ငယ်နဲ့ရော စောင့်ပစ်တာ။ အဲ့ဒီနောက်တော့ စစ်တပ်ကနေ ပြန်လိုက်ပစ်တယ်။ မိနစ်(၂၀)လောက် ကြာမယ်။ ရွာသား တွေတော့ ဘာမှ မဖြစ်ဘူး”လို့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် အဲဒီ (၁၆)မိုင်နဲ့ (၁၉)မိုင်ရွာသစ် နေရာ ဝန်းကျင်အနှံ့ စစ်ကောင်စီတပ်သားတွေ ဖြန့်ကျက်ပြီး လုံခြုံရေးယူထားဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
” စစ်တပ်က အဲဒီ ဝန်းကျင်တစ်ဝိုက် လုံခြုံရေး ယူထားတာ ဟုတ်တယ်။ မနက်လာပို့ထားပြီး ညက ပြန်လာကြို အဲဒီလို ဟုတ်တယ်။ မြစ်ကြီးနားကနေ လာပို့ထားတာပေါ့။ လာပို့ထားတာက အယောက် (၃၀) လောက်တော့ ရှိမယ်။”လို့ ဒေသခံက ဆက်လက် ပြောပါတယ်။
အခုလို လုံခြုံရေး ယူထားတာဟာ ဆီဘောက်ဆာကားတွေ၊ လက်နက်သယ်ယူချိန်တွေအတွက် စစ်ကောင်စီကနေ လုံခြုံရေး ချထားတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
အဲဒီနယ်မြေ တစ်ဝိုက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း(၁၁)ရဲ့ လှုပ်ရှားနယ်မြေ ဖြစ်တယ်လို့လည်း သိရပါတယ်။

