နို၀င်ဘာ၊၂
၅၀၅-က ပုဒ်မနဲ့ ဖမ်းဆီးခံရပြီး လွန်ခဲ့တဲ့ (၁၈)ရက်နေ့က လွတ်မြောက်ခဲ့တဲ့ မြစ်ကြီးနားက လူငယ်တစ်ဦး လုယက်မှုကြောင့်ဟုဆိုကာ ပြန်လည်အဖမ်းခံခဲ့ရတယ်လို့ နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲဒီလူငယ်ကို ဒီကနေ့ နိုဝင်ဘာလ (၂) ရက်နေ့ ညနေပိုင်း (၂) နာရီခန့်အချိန် သူတို့ ဖွင့်လှစ်ထားတဲ့ ကွမ်းယာဆိုင်ကို လာရောက်ပြီး ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူက ဆိုပါတယ်။
” ကားဖြူနဲ့ လူနှစ်ယောက်ရောက်လာတာ သန်းထိုက်ဇေ ရှိလားဆိုပြီး အိမ်ကိုအရင်လာတာ ဘာလုပ်ဖို့လဲလို့ မေးတော့ သူ့သူငယ်ချင်းတွေလို့ ပြောတာပဲ။ အဲ့ဒါနဲ့ သူ့သူငယ်ချင်းတွေဆိုရင် အိမ်ကိုမလာနဲ့ ရှုပ်ရှုပ်ယှက်ယှက်တွေ မကြိုက်ဘူးလို့ပြောတော့ သူ့သူငယ်ချင်းတွေပါတဲ့။ အဲ့ဒါနဲ့ ကွမ်းယာဆိုင်မှာထင်တယ်ပြောတော့ ကွမ်းယာဆိုင်ကိုသွားပြီး ရိုက်နှက်ခေါ်သွားတာတဲ့။ နှာခေါင်းကနေ သွေးတောင်ထွက်တယ်ပြောတာပဲ” လို့ နီးစပ်သူက ဆိုပါတယ်။
လာရောက်ဖမ်းဆီးခေါ်ဆောင်တဲ့အချိန် ဆိုင်ကယ်လုယက်မှုကြောင့်ဖြစ်တယ်လို့ ပြောဆိုပြီး ခေါ်ဆောင်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။
” သူတို့က နောက်ထပ် သုံးယောက်ရောပါတယ်။ အဲ့ဒီထဲက တစ်ယောက်က ဆိုင်ကယ်လုယက်မှုကြောင့် ဖမ်းတာလို့ ပြောတာ။ ဒါပေမယ့် သန်းထိုက်ဇေက အဲ့ဒီလို လုပ်မယ့်သူမျိုးမဟုတ်ဘူး” လို့ နီးစပ်သူက ဆက်လက်ဆိုပါတယ်။
ယခုချိန်မည်သည့်နေရာကို ခေါ်ဆောင်သွားကြောင်း သိရှိရခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်ဟာ လွန်ခဲ့တဲ့ မတ်လ(၂၇) ရက်နေ့က သူရဲ့မိခင်၊ အမဖြစ်သူနဲ့တို့နဲ့အတူ ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလ (၁၈)နေ့ကအမှုပိတ်သိမ်းကာ ပြန်လွတ်ပေးခဲ့ပြီးတော့ ဒီကနေ့မှာ ဆိုင်ကယ်လုယက်လို့ ဆိုပြီးတော့ ပြန်လည်ဖမ်းဆီးခံရတာပဲ ဖြစ်ပါတယ်။

