Site icon

မတရားဖမ်းဆီး ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး မိသားစုနဲ့ တွေ့ခွင့်မရသေးတဲ့ မြစ်ကြီးနားအခြေစိုက် သတင်းထောက်များ

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ့ခေါင်းဆောင်တွေကို မတရားဖမ်းဆီးခဲ့ပြီးတော့ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့အချိန်ကစလို့ စစ်အုပ်စုဟာ အပြစ်မဲ့ပြည်သူလူထုအပေါ်လက်နက်အားကိုးနဲ့ တရားမဲ့ဖမ်းဆီးတာတွေကို နေ့စဉ်မပြတ်လုပ်ဆောင်လျက်ရှိနေပါတယ်။

အဲ့ဒီလိုဖမ်းဆီးတဲ့အခါမှာလည်း စစ်အုပ်စုကိုဆန့်ကျင်တဲ့သူမှန်သမျှကို လမ်းပေါ်မှာ အင်အားအလုံးအရင်းနဲ့ အကြောင်းမဲ့ ပစ်သတ်တာ၊ အကြမ်းဖက်ဖမ်းဆီးတာ၊ နေအိမ်တွေမှာ အတင်းဝင်ရောက် ဖမ်းဆီးတာတွေ ကိုလည်းပြုလုပ်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း ဝန်ကြီးချုပ်ဒေါက်တာခက်အောင် နဲ့ ဝန်ကြီးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ CDM သမားတွေ၊ စစ်အုပ်စုကို နည်းမျိုးစုံနဲ့တော်လှန်ခဲ့ကြတဲ့ ပြည်သူတွေအပြင်  ဒေသခံသတင်းထောက် ၅ ဦးလည်း ဖမ်းဆီးခံထားရပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးတာကိုခံခဲ့ရတဲ့ မြစ်ကြီးနားအခြေစိုက် သတင်းထောက်တွေကတော့ မြစ်ကြီးနားသတင်းဂျာနယ်က ကိုအဂျယ်၊ကိုတူးလောဒ့်၊ မမျိုးမြတ်မြတ်ပန်၊ The 74 Media က မချန်ဘူ၊ Kachin Wave သတင်းဌာနက ကိုလရော်တို့ ဖြစ်ပြီး အခုအချိန်အထိ မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီး ချုပ်နှောင်ထားဆဲ ဖြစ်ပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်မှာ   ဖမ်းဆီးခံထားရတဲ့သတင်းထောက် ကိုအဂျယ်ရဲ့ မိခင်က

“သားနဲ့မတွေ့ရတာ နောက်လ ၁၃ ရက်နေ့ဆိုရင် ၅ လ ရှိသွားပြီ။ဖမ်းသွားတဲ့အချိန်ကနေ ဒီကနေ့အထိ သားနဲ့တွေ့ခွင့်မပေးဘူး။ မတွေ့ရဘူးအဲ့လိုမျိုးဖြစ်နေတယ်။ မိခင်တစ်ယောက်အနေနဲ့ စိတ်ထဲမှာအရမ်းခံစားရတာပေါ့။ သားကျန်းမာရေးကောင်းသလား ဘယ်လိုလဲ။နေရထိုင်ရတာအဆင်ပြေသလား။ အထဲမှာဘယ်လိုစားသောက်ရသလဲ။ သူငယ်ချင်းတွေနဲ့ဘယ်လိုနေသလဲ စိုးရိမ်စိတ်ပေါ့။ မအေတွေဆိုတော့ နေ့ရောညရောမစားနိုင်မသောက်နိုင်ဖြစ်နေတယ်။” လို့ပြောပါတယ်။

မြစ်ကြီးနားထောင်အတွင်း အကျဉ်းကျခံနေရသူတွေရဲ့မိသားစုဝင်တချို့မှာ အကျဉ်းကျခံနေရတဲ့ သားသမီးတွေနဲ့ မတွေ့ရတဲ့အပြင် စစ်အုပ်စုရဲ့ရန်ကိုပါကြောက်နေကြရပြီး ဆုတောင်းယုံမှလွဲလို့ ကျန်တာလုပ်ဆောင်နိုင်ခြင်းမရှိဘူးလို့လည်း ကိုတူးလောဒ့်ရဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။

” ထောင်ဝင်စာတော့ လှမ်းပို့ပေးတယ်။ ၅ လ။ ခံစားရတာပေါ့ ဒါပေမယ့်ကျမတို့ဘက်ကပြောရင်လည်း အဲ့ဘက်ကလူတွေ အပြစ်မြင်မှာ အဲ့လိုမျိုးတွေလဲကြောက်တယ်။ သူတို့ထွက်ခိုင်းတဲ့အချိန်ထွက်ပေါ့ အဲ့လိုမျိုးစုတောင်းပေးရုံပဲ။ဆုတောင်းပြီးနေယုံပေါ့။ “

အာဏာသိမ်းပြီးနောက် မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့နိုင်ငံရေးအကျဉ်းသား တွေဟာ မိသားစုဝင်တွေနဲ့တွေ့ခွင့်မရတဲ့အပြင် ဥပဒေအကြံဉာဏ်ရယူခွင့်လည်း ဆုံးရှုံးနေကြပါတယ်။  စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် ဖမ်းဆီးခံထားရတဲ့ မြစ်ကြီးနားမြို့ နဲ့ ဝိုင်းမော်မြို့နယ်က အမှုတွေကိုလိုက်ပေး နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးကိုလည်း စစ်ကောင်စီက ဇွန်လ ၂ ရက်နေ့မှာ ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခဲ့ပါတယ်။

အခုလိုခြေနေနဲ့ပတ်သက်ပြီးကိုအဂျယ်ရဲ့မိခင်က

“တွေ့ခွင့်မရတာ ဘာကြောင့်လဲဆိုတာ ကျမတို့လဲဥပဒေပိုင်းနားမလည်တော့မသိဘူး။ သာနဲ့တွေ့ရင်ထောင်တွင်း ဆူပူမှုဖြစ်လာမလားထင်တာပေါ့။ သက်ဆိုင်သူတွေကိုပြောချင်တာက ရုံးထုတ်တဲ့နေ့တွေမှာ သားနဲ့တွေ့ခွင့် သားမျက်နှာကိုမြင်ချင်တာပေါ့။ရုံးထုတ်တဲ့အချိန်မှာ သားနဲ့တွေ့ခွင့်မပေးဘူး။ ရုံးပိတ်ရက်က ကြာသွားတဲ့အတွက်ကြောင့်မို့ ရှေ့နေနဲ့ပဲ စကားပါးတာ အဲ့လိုပဲရှိတာပေါ့။ အခက်ခဲက သားနဲ့လည်းမတွေ့ရဘူး ရုံးချိန်းလဲမထွက်ဘူးဆိုတော့ အထဲမှာကျန်းမာရေးများကောင်းသလား။ အပြင်မှာလည်း ကူးဆက်မှု တွေများနေ တယ် ထောင်ထဲမှာလည်းရောဂါကူးစက်မှုတွေကြားနေရတဲ့အတွက်ကြောင့် ကူးဆက်ခံနေရသလား။တွေ့ချင် မြင်ချင် အခြေနေမေးချင်တာပေါ့။ လို့ဆိုပါတယ်။

Kachin wave သတင်းဌာနက ကိုလရော်ကို မတ်လ ၂၉ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တဲ့ အချိန်ကစလို့ လုံးဝတွေခွင့်မရတဲ့အတွက် မိသားစုဝင်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာသာမက ငွေကြေးပိုင်းဆိုင်ရာပါ အခက်အခဲတွေဖြစ်နေရတယ်လို့ ကိုလရော်ရဲ့မိသားစုဝင်တစ်ဦး ပြောပါတယ်။

“ကိုလရော်ဖမ်းခံရတာ ၃ လပိုင်း ၂၉ ရက်နေ့ကနေ လုံးဝတွေ့ခွင့်မရဘူးပေါ့နော်။ အမှတ် ၁ မှာဖမ်းထားပြီး ထောင်ထဲကိုပို့လိုက်ကြတယ်။စာနဲ့ပဲအဆက်အသွယ်ရတာအခုအချိန်ထိပေါ့။လုံးဝတွေ့ခွင့်မရဘူး။ရောဂါကြောင့်ခေါင်းစဉ်တပ်။ ‌ထောင်တံခါးဝမှာ သူတို့ဝန်ထမ်းတွေကတစ်ဆင့်ပါးလို့ရ။ ကို့မိသားစုဝင်ကို အပြစ်မရှိပဲ အဲ့လိုဖြစ်သွားတော့ စိတ်ပိုင်းဆိုင်ရာကော ငွေကြေးပိုင်းဆိုင်ရာကော အခက်အခဲတော့ဖြစ်တာပေါ့။”

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ မနက် ၁၁ နာရီခွဲ ဝန်းကျင်လောက်က Kachin wave သတင်းဌာနက ကိုလရော်နဲ့ The 74 media က သတင်းထောက်မချန်ဘူတို့ကို မြစ်ကြီနား အေးစေတီရပ်ကွက်ကကြက်ခြေနီရုံးအနီး အဆန္ဒပြမှုဖြစ်စဉ်မှာ သတင်းရယူနေတဲ့အချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

Reporting ASEAN  ရဲ့ စာရင်းအရ တစ်နိုင်ငံလုံး ဖမ်းဆီးခံထားရတဲ့ သတင်းထောက်ဦးရေဟာ (၉၇) ဦးရှိပြီး (၄၃) ဦးကတော့ ဆက်လက် ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

စစ်အုပ်စုကိုဆန့်ကျင်တဲ့သူတွေကို အလွယ်တကူ ခေါင်းစဉ်တပ်ပြီး ဖမ်းဆီးနိုင်အောင် ထောင်ဒဏ် ၃ နှစ်အထိချမှတ်နိုင်တဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ _ ကကြီး ကို  ကြေညာချက်အမှတ် (၅/၂၀၂၁) နဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စစ်ကောင်စီက ပြင်ဆင်ပြဌာန်းခဲ့ပါတယ်။

အသစ်ပြင်ဆင်ပြဌာန်းလိုက်တဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က မှာ မည်သူမဆို (က) နိုင်ငံသားတစ်စုကိုဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေ ထိတ်လန့်စေလျှင် သို့မဟုတ်ထိတ်လန့်စေရန်အကြံရှိလျှင် (ခ) မမှန်ကန်ကြောင်းသိရှိပါလျှက် သို့မဟုတ် မမှန်ကန်ကြောင်း ယုံကြည်ရန်အကြောင်းရှိပါလျက် မမှန်သတင်းများဖြန့်ဝေမှုပြုလုပ်လျင် (သို့မဟုတ်) ဖြန့်ဝေရန်အကြံရှိလျှင်၊ (ဂ) အစိုးရဝန်ထမ်းတစ်ဦးဦးကိုဖြစ်စေ၊ အစိုးရဝန်ထမ်းအမျိူးအစားတစ်ရပ်ရပ်ကိုဖြစ်စေ ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေပြုလုပ်လျှင် သို့မဟုတ် ထိုသို့ကျူးလွန်စေရန် အကြံရှိလျှင် သို့မဟုတ် လှုံ့ဆော်လျှင် ထိုသူကို သုံးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ်နှင့်တကွဖြစ်စေ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်ရမယ်လို့ ပြင်ဆင်ပြဌာန်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုက သူတို့ကိုဆန့်ကျင်တဲ့ ပြည်သူတွေ၊ CDM သမားတွေနဲ့ သတင်းထောက်တွေကို ထောက်ချောက်ထောင်ဖမ်းတာတွေနဲ့ မိသားစု၊ကလေးသူငယ်တွေကိုပါမကျန် ဓားစာခံအဖြစ်ဖမ်းဆီးတဲ့ နည်းလမ်းတွေကိုပါအသုံးပြုခဲ့ပါတယ်။

အဲ့ဒီလို ဓားစာခံအဖြစ် ဖမ်းဆီးတဲ့လုပ်ရပ်ကို အကြမ်းဖက်သမားတွေသာကျူးလွန်တဲ့ ကြီးလေးတဲ့ရာဇဝတ်မှုဖြစ်ကြောင်းကို ကမ္ဘာ့နိုင်ငံအသီးသီးက သတ်မှတ်ထားကြပါတယ်။ ဒါ့ပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်အဆက်ဆက်က ဓားစာခံဖမ်းဆီးတဲ့နည်းလမ်းကို လက်ဆင့်ကမ်း လုပ်ဆောင်လာခဲ့ကြတာဖြစ်ပါတယ်။

ဓားစာခံဖမ်းဆီးခြင်းကို ဆန့်ကျင်တဲ့ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်း (ဓားစာခံသဘောတူညီချက်) ကို ၁၉၇၀ ပြည့်နှစ်လွန်များက ဓားစာခံဖမ်းဆီးခြင်းနဲ့ပတ်သက်လို့ ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြပါတယ်။ ဓားစာခံအဖြစ် ဖမ်းဆီးတာတွေဟာ အင်မတန်စက်စုပ်ရွံရှာစရာဖြစ်ပြီး လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့  ၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က NewYork မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်း  ဓားစာခံဖမ်းဆီးဆန့်ကျင်ရေးမှာ Germany နိုင်ငံက တင်သွင်းခဲ့ပါတယ်။

အဲ့ဒီဓားစာခံဖမ်းဆီးခြင်းကိုဆန့်ကျင်တဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းကို ၂၀၁၄ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ မြန်မာနိုင်ငံကလည်း သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း Universal Declaration of Human Rights (UDHR)  နဲ့ အပြည်ပြည်ဆိုင်ရာနိုင်ငံသားနဲ့နိုင်ငံရေးအခွင့်အရေးများ International Convenant on Civill and Political Rights (ICCPR) ပဋိညာဉ်စာတမ်းအရ မည်သည့်ရည်ရွယ်ချက်အတွက်မဆို ဓားစာခံအဖြစ်ဖမ်းဆီးတာဟာ ကုလသမ္မဂ္ဂက ထိန်းသိမ်းထားတဲ့ လူတစ်ဦးချင်းရဲ့ ဘဝလွတ်လပ်ခွင့် နဲ့ လုံခြုံရေးအပါအဝင် လူတိုင်းရဲ့ ဂုဏ်သိက္ခာနဲ့ အခြေခံအခွင့်အရေးတွေကို ချိူးဖောက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဓားစာခံအဖြစ်ဖမ်းဆီးတာဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ နိုင်ငံဖြတ်ကျော်ဆက်ဆံရေးကို ခြိမ်းခြောက်တာဖြစ်တယ်လို့လည်း သတိပေးထားထားပါတယ်။

ဒီကနေ့ဒီအချိန်အခါမှာ ယဉ်ကျေးတဲ့ကမ္ဘာ့လူ့အသိုင်းအဝိုင်းက အပြင်းအထန်ရှုံ့ချနေတဲ့ ဓားစာခံအဖြစ်ဖမ်းဆီးချုပ်နှောင်တာတွေကို မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက သူတို့ကိုဆန့်ကျင်တဲ့သူတွေအပေါ် ဖိနှိပ်ရေးလက်နက်တစ်ခုအနေနဲ့တစ်စိုက်မတ်မတ် နဲ့ ဆက်လက် လုပ်ဆောင်နေပါတယ်။