နိုဝင်ဘာ၊၉
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ကျေးရွာဘုန်းကြီးကျောင်းတွေနဲ့ ဒေသခံနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင် ထားတာကြောင့် ထိခိုက်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ဦးက National Unity Media (NUM)ကို ပြောပါတယ်။
“ဒေသခံတွေက ပစ်ခတ်မှုကြောင့် ကြားထဲမှာရောက်ပြီးမှ အိမ်မီးလောင်မှာတွေ ၊ ထိခိုက်မှာတွေ ၊ ခဏလေးနဲ့ ပြီးသွားမှာလား အချိန်အကြာကြီး ဖြစ်နေမလား၊ အဲဒီလိုမျိုး စိုးရိမ်တထိတ်ထိတ်ပေါ့။ ညဖြစ်မလား နေ့ဖြစ်မလား ပေါ့နော်။ “ လို့ ဒေသခံက ဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွှေကူမြို့နယ်က မိုးစစ်ကျေးရွာ ၊ ကျောက်ကြီးကျေးရွာ ၊ စစ်ကိုင်းအစပ် မိုးတားလေးကျေးရွာနဲ့ မင်းကျောင်းကုန်း ချောင်းတွေမှာ အများဆုံးတပ်စွဲနေထိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဘုန်းကြီးကျောင်းတွေမှာလည်း တပ်စွဲထားသလို တချို့နေရာမှာ အိမ်တွေမှာဝင်ပြီး နေတာလည်းရှိတယ်။ တခါတလေ အင်အား ရှစ်ဆယ် ၊ကိုးဆယ်နီးပါးရှိတယ်။ သူတို့က အမြဲတမ်း အပြောင်းအရွှေ့လုပ်နေကြတာ။ တခါတလေ ရာကျော်လည်း ရှိတယ်။ ခုပဲ ထွက်သွားပြန်ပြီ။ ခုပဲ ပြန်ဝင်ပြန်ပြီ။ မျက်လှည့်ပြသလိုမျိုးလည်း သူတို့က လုပ်နေတတ်တယ်။ “ ဒေသခံက ဆက်လက် ပြောပါတယ်။
အဲဒီလို ကျေးရွာအတွင်း တပ်စွဲနေထိုင်လာတာကြောင့် မိုးစစ်ဒေသခံအများစု တိမ်းရှောင်သွားကြရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မနေ့က နိုဝင်ဘာလ (၈)ရက်နေ့ကလည်း ကျောက်ကြီးကျေးရွာမှာ အပြန်အလှန် ပစ်ခတ်ကြတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပါတယ်။

