Site icon

ဖားကန့်က စစ်ကောင်စီရဲ့ လှုပ်ရှားတပ်စခန်း(၂) ခုကို KIA တိုက်ခိုက်သိမ်းပိုက်

နို၀င်ဘာ၊၁၄

ဖားကန့်မြို့နယ်အတွင်းက နမ်ဂျန်ချောင်းတစ်လျောက်ရှိ ကျေးရွာတွေက စစ်ကောင်စီရဲ့ လှုပ်ရှားတပ်စခန်း(၂)ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဒီကနေ့မနက်မှာ တိုက်ခိုက် သိမ်းပိုက်လိုက် တယ်လို့ သိရပါတယ်။

မနေ့က ညနေပိုင်း(၄)နာရီကနေ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။

“မနေ့က ညနေ(၄)နာရီကနေ ပစ်ကြတာ။ ည ခဏနားပြီး ဒီကနေ့မနက် (၆)နာရီလောက်မှာ ပြန်ပစ်ကြတယ်။ အခုချိန်ထိပဲ။ လက်ရှိ KIAက စခန်း နှစ်ခုတော့ သိမ်းနိုင်ခဲ့ပြီ။ (၁၀)နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးပစ်တာပေါ့။ မြူတွေ ထူနေတော့ ဘယ်နေရာမှာ လာပစ်တယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး”လို့ သူက ဆိုပါတယ်။

ဒေသခံက လေယာဉ်နဲ့ ပစ်ကူတယ်လို့ ပြောထားပေမယ့် NUM အနေနဲ့ အခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ဒါ့အပြင် KIAတပ်ကို တိုက်ပွဲ ဖြစ်ပွားတဲ့နေရာရဲ့ အနီးအနားက စစ်ကောင်စီတပ်စခန်းတွေ ဖြစ်တဲ့ ကံဆီးဗျူဟာကုန်း၊ လ‌မောင်ကုန်း တွေကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူ‌ခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီလှုပ်ရှားတပ်စခန်းတွေဟာ (၂၀၁၃)ခုနှစ်ကတည်းက အခြေချခဲ့တာ ဖြစ်ပြီး စခန်းတစ်ခုမှာ အင်အား(၁၀၀)ဝန်းကျင် ရှိတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားရာနေရာဟာ KIA တပ်မဟာ (၉)အောက် တပ်ရင်း(၆)တို့ရဲ့ နယ်မြေ ဖြစ်တယ်လို့လည်း သိရပါတယ်။