Site icon

စစ်ကောင်စီတပ်စခန်းကနေ ဆိုင်းဖရာကျေးရွာထဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေစိုးရိမ်နေ

နို၀င်ဘာ၊၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကပ်မှော်ကျေးရွာအုပ်စု၊ ဆိုင်းဖရာကျေးရွာထဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။

နန်ယားတပ်စခန်းကနေ ညအချိန် လက်နက်ကြီး ၁၀၉ မမ တွေနဲ့ (၁၀) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ကြောက်ရွံ့နေခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” အဲဒီလိုလက်နက်ကြီးနဲ့ ပစ်တော့ အသက်ကြီးပိုင်းနဲ့ ကလေးတွေက အရမ်းကြောက်ပြီး တုန်ပြီးနေနေကြရတယ်။ တစ်ချို့က နှလုံးရောဂါရှိတဲ့သူတွေက သေတောင်သေသွားနိုင်တယ်။ ရုတ်တရက်ဆိုတော့လေ။ဘာမှမဖြစ်တဲ့ သာမန်လူတွေတောင် အရမ်းကြောက်မိတာ လက်တွေ၊ ခြေတွေ ခေါင်းတွေမှာ ကျလာသလိုပဲ။ အခုပစ်တဲ့လက်နက်ကြီးကအရမ်းကိုပြင်းတာ” လို့ ဆိုင်းဖရာဒေသခံတစ်ဦးက National Unity Media(NUM) ပြောပါတယ်။

နန်းယားတပ်စခန်းကနေ နို၀င်ဘာလ (၁၀) ရက်နေ့ည (၁၁) နာရီလောက်က ပစ်ခတ်တဲ့လက်နက်ကြီး‌တွေဟာ ရွာသားတွေ တစ်စုံတစ်ရာ ထိခိုက်မှုမရှိပေမယ့် အရမ်းစိုးရိမ်ခဲ့ရတယ်လို့ ဒေသခံက ဆိုပါတယ်။

ရမ်းသမ်းပစ်ခတ်ခဲ့တဲ့လက်နက်ကြီး‌ တွေဟာ ဆိုင်းဖရာကျေးရွာ၊ လယ်ကွင်းနဲ့ ဆဘော်မှော်သွားတဲ့ ဘက်တွေမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဇူလိုင်လ (၁၅) ရက်နေ့မှာလည်း နန့်ယား ကျေးရွာရှိစစ်ကောင်စီ တပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဆိုင်းဖရာကျေးရွာထဲ စစ်ရှောင်လာတဲ့ပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဖြစ်ပါတယ်။