ဩဂုတ်၊၃၁ ဝိုင်းမော်မြို့ ခလရ (၅၈) တပ်ရင်းကနေ ဩဂုတ်လ (၂၈) ရက်နေ့ မွန်းလွဲပိုင်းအချိန်က လက်နက်ကြီး/ငယ်တွေနဲ့ ကျေးရွာတွေမှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးခဲ့တဲ့ မဒိန်ဒေသခံ ဦးဘောမ်ဇုန်းအား အမြန်ဆုံးလွတ်ပေးဖို့ မိသားစုတွေက တောင်းဆိုနေကြပါတယ်။ ဦးဘောမ်ဇုန်းဟာ အဲဒီနေ့က သေနတ်သံကြားနေရချိန် ကလေး တွေနဲ့ ပုန်းနေပြီး ဝိုင်းမော်မြို့ပေါ်ကို ပြေးဖို့ စီစဉ်နေချိန်မှာပဲ စစ်သားတစ်ဦး ၀င်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ အခုချိန် ဦးဘောမ်ဇုန်းကို ကေအိုင်အေစစ်သားလို့ဆိုပြီး ရိုက်နှက်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။”ညလည်းမအိပ်ရဘူး။ ထမင်းစားရင်လည်း ငါ့သားထမင်းမစားရဘူးလားဆိုပြီး ထမင်းလည်းမစားနိုင်ဘူး။ကျွန်မသားက ဗိုက်ဆာတာလည်းမခံနိုင်ဘူး။ သွေးတိုးလည်းရှိတော့ အရမ်းစိုးရိမ်တယ်။ စိုးရိမ်တာက ပြောမပြတတ်အောင်ပါပဲ။”လို့ မိခင်ဖြစ်သူက ပြောပါတယ်။ ဦးဘောမ်ဇုန်းအမေနဲ့ ဇနီးဟာ မတ်လ (၂၇) ကတည်းက Quarantine center ကို ရောက်ရှိနေတာဖြစ်ပြီး ဦးဘောမ်ဇုန်းဟာ ဝိုင်းမော် (၅၈) တပ်မှာ ရှိတယ်လို့ သိရကြောင်းလည်း ဆိုပါတယ်။ “” သူတို့အားလုံးတူတူရှိတယ်လို့ မနေ့ညက သတင်းထဲတွေ့တယ်လို့ သူများဖုန်းဆက်ပြီးပြောလာကြတယ်။ ရွာထဲကားနဲ့ပတ်ပြီး ခေါ်သွားကြတာယ်ဆိုတာလည်း တွေ့တယ်လို့ ရွာသားတွေပြောလာကြတယ် ။ ခေါ်သွားတာတွေ့ပေမယ့် ဘယ်သူဘယ်၀ါဆိုတာအသေးစိတ်မ မတွေ့ရတော့မခွဲခြားနိုင်ဘူးတဲ့။ သူတို့ကားနဲ့ခေါ်ပြီး မျက်နှာမှာလည်း marks တပ်ထားတော့ ဘယ်သူဆိုတာ မသိနိုင်ဘူးတဲ့။”လို့လည်း မိခင်ဖြစ်သူက ဆက်လက်ပြောပါတယ်။ ဦးဘောမ်ဇုန်းဟာ ကလေး (၈) နှစ်အရွယ်နှင့် (၂) နှစ်အရွယ် ကလေးတွေရဲ့ ဖခင်ဖြစ်ပြီး ART ဆေးသောက်နေသူတစ်ဦးဖြစ်ပြီးတော့ မိသားစုကို လယ်ထွန် လုပ်ကျွေးနေသူ တစ်ဦးဖြစ်ပါတယ်။ အဲဒီနေ့မှာ မဒိန်ဒေသခံ ဦးဘောမ်ဇုန်းနဲ့ခကွမ်ကျေးရွာက ဂျရှီဇုန်းဆောင် ( Zashi Zung Sau)၊ ဂျရှီ ယော်ခေါ ( ZaShi Yaw Hkaw) တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဩဂုတ်လ (၂၈) ရက်နေ့က ဝိုင်းမော်တပ်ရင်း(၅၈) က ပစ်ခတ်မှုတွေကြောင့် ခကွန် နဲ့ မဒိန်ကျေးရွာက ဘုရားကျောင်းတွေ ၊ လူနေအိမ်တွေမှာ လက်နက်ကျရောက်ခဲ့သလို နေအိမ်အသစ်တစ်လုံး ပျက်စီးခဲ့ပါတယ်။
ခလရ(၅၈) တပ်ရင်းကနေ ဖမ်းဆီးသွားတဲ့ မဒိန်ဒေသခံ ဦးဘောမ်ဇုန်းအား အမြန်ဆုံးပြန်လွှတ်ပေးဖို့ မိသားစု တောင်းဆို

စစ်ကောင်စီက ၀င်ရောက်ပစ်ခတ်ခဲ့သောကြောင့် ပျက်စီးသွားသည့်နေအိမ်
