စက်တင်ဘာ၊၂၁
မြစ်ကြီးနား-ပူတာအိုကားလမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ စက်တင်ဘာလ (၁၉) ရက်နေ့မနက်ပိုင်းကစလို့ ၃ ရက်ကြာ ယာယီပိတ်ထားမယ်လို့ဆိုထားပေမယ့် ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့အတွက် လမ်းပြန်ဖွင့်ပေးလိုက်တယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပူတာအိုကို ရောက်ရှိလာမယ်ဆိုတဲ့သတင်းကြောင့် လမ်းပိတ်ထားတာဖြစ်နိုင်ပြီး ခရီးစဉ်လည်း မရှိတော့တဲ့အတွက်ကြောင့် ပြန်ဖွင့်ပေးလိုက်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ပြည်သူတွေ ဖြတ်သွားဖြတ်လာ အဆင်ပြေစေဖို့အတွက် ခရီးစဉ်တွေမရှိတော့တာကြောင့် ပြန်ဖွင့်ပေးတယ်လို့ ပြောကြတယ်။အဓိကတော့ ပြည်သူတွေလုပ်ကိုင်စားသောက် အဆင်ပြေဖို့ဖွင့်ပေးတာပေါ့။” ဟုဆိုသည်။
မြစ်ကြီးနားမြို့ကို စက်တင်ဘာလ (၁၈) ရက်နေ့က ရောက်ခဲ့တဲ့ ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ နယ်ခြားစောင့် BGF ၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ပါတွေ့ဆုံခဲ့ပြီး စက်တင်ဘာလ (၁၉)မှာ ပူတာအိုကို သွားရောက်မှာဖြစ်တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် သွားရောက်ခြင်း မရှိခဲ့ပါဘူး။

