ဩဂုတ်၊၃၀

ပူတာအိုမြို့နယ်၊ လုံရှာယန်ကျေးရွာအုပ်စု တန်ဂျာ(Tan Ja)‌ ကျေးရွာမှာ နေနေသေးတဲ့ ကျေးရွာနေပြည်တွေရဲ့ နေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အတူလာရောက်နေထိုင်မှုတွေကြောင့် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။ အခုလို ရွာအတွင်းက နေအိမ်တွေမှာ တပ်စခန်းချ နေထိုင်နေတာ‌ကြောင့် ဒေသခံတွေ အနေနဲ့ လုံခြုံမှု မရှိဘူးလို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ရွာထဲမှာ စစ်သားအင်အား(၃၀)ကျော်လောက်ရှိနိုင်တယ်။ ပြည်သူတွေရဲ့ အိမ်မှာ လိုက်နေ နေကြတယ်။ သူတို့က ပြည်သူတွေကို cover(အကာအကွယ်)လုပ်တယ်လို့ မြင်တယ်။ ပြည်သူတွေက အရမ်းကြောက်နေကြတယ်။ အိမ်ပြင်လည်း မထွက်နဲ့ဆိုပြီး ပြောထားတော့။ စစ်သား‌‌တွေ အနေနဲ့ လူနေအိမ်မှာ လာနေတယ် ဆိုတော့ စိတ်မှာ လုံခြုံမှု မရှိဘူး။ မနက်ဖြန် ဘာဖြစ်မယ်။ ဒီည ဘာဖြစ်မယ် ဆိုတာ အရမ်းကို စိတ်လေးပြီး ခံစားနေရတယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ ရွာမှာ ကျန်ရစ်ခဲ့တဲ့ ပြည်သူတွေကို (KIA)တပ်ဖွဲ့နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း သူက ဆက်လက်ဆိုပါတယ်။
“စစ်ဆေးတာတွေလည်း ရှိတယ်။ KIAတွေ အဝင်အထွက်ရှိလား။ သူတို့ကို ထောက်ပံ့လားဆိုပြီးတော့ပေါ့။ ဒီနေ့က ရွာက လူကြီးတွေ(၅)ယောက်ကို ခေါ်ပြီး စစ်တာပေါ့။ ပြီးတော့ ကြက်တွေရော ရှာခိုင်းတယ်။ သူတို့စားဖို့ အကူအညီတောင်းတာတဲ့။”လို့ သူက ပြောပါတယ်။

တန်ဂျာကျေးရွာမှာ ဩဂုတ်လ(၂၆)ရက်နေ့က KIAနဲ့ စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ကျေးရွာနေပြည်သူ(၃၀၀)ကျော်လောက်ကတော့ ထွက်ပြေးတမ်းရှောင်နေကြပါတယ်။ တန်ဂျာကျေးရွာမှာ အိမ်ခြေ(၁၀၃)အိမ်ရှိပြီး လူဦးရေစုစုပေါင်း(၅၈၉)ဦး ရှိတယ်လို့လည်း သိရပါတယ်။