အောက်တိုဘာ၊၈
ဖားကန့်မြို့နယ်၊ ဒွမ်ဘန် ကျေးရွာအုပ်စု၊ နောင်းမီနဲ့ မန်ပန်ကျေးရွာကြားက ရဲဘက်စခန်း အနီးမှာ ရှထူးဇွပ်ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီကနေ့မနက်(၁၀)နာရီလောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီ စစ်ကောင်စီတပ်သားတွေဟာ ရှထူးဇွပ် ကျေးရွာကနေ ခြေလျင်နဲ့ ဆင်းလာတာ ဖြစ်ပြီး လူအင်အား ခန့်မှန်းခြေ(၂၀၀)ဝန်းကျင်လောက် ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
” ရှထူးဇွပ်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေမနေ့က ဆင်းလာပြီး မနေ့ညက တော့ သူတို့ နောင်းမီမှာ အိပ်ကြတာ။ ဒီကနေ့မနက်တော့ အပြန်အလှန် ပစ်ခတ်ကြတယ်။ မိုင်းသံတွေရော ကြားရတယ်။ (၁၅)မိနစ်လောက်ပဲ ကြာတယ်။”လို့ သူက ဆိုပါတယ်။
အခုတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ နေရာဟာ KIAတပ်ရင်း(၂၀)ရဲ့ နယ်မြေ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဝါရာဇွပ်ကျေးရွာအုပ်စု၊ ဘန်ကောက်ကျေးရွာနဲ့ နောင်းမီကျေးရွာကြားက တရုတ်တံတားမှာလည်း မနေ့က အဲဒီ ရှဒူးဇွပ်ကျေးရွာကနေ ခြေလျင်နဲ့ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။





