အောက်တိုဘာ၊ ၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာနဲ့ ခွမ်ဆိုင်ယန် ကျေးရွာကြားမှာ အင်အား(၂၀၀)ခန့်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဒီကနေ့ မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့တဲ့အပြင် ခွန်ဆိုင်ယန်ကျေးရွာမရောက်မီ ရှရော်ပါမှာလည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ လို့ ဒေသခံတစ်ဦးက National Unity Media (NUM)ကိုပြောပါတယ်။

“မိုင်းတစ်လုံးခွဲတယ်တဲ့။ ခွန်ဆိုင်ယန်မရောက်ခင် ရှရော်ပါမှာ နောက်တစ်လုံး ထပ်ခွဲပေးတယ်။ ဒွန်ဘန်နဲ့ ခွန်ဆိုင်ယန် ရွာကြားမှာ လက်နက်ကြီးငယ်ပစ်ပြီး တိုက်ပွဲဖြစ်ကြတာ။”လို့ ဒေသခံက ဆိုပါတယ်။
ခွန်ဆိုင်ယန် ဒေသခံတွေအနေနဲ့ တိုက်ပွဲပိုမို ပြင်းထန်လာမှာ စိုးရိမ်တာကြောင့် နီးစပ်ရာမှာ သွားရောက်တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
ဒီကနေ့ မနက် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဟာ KIA တပ်မဟာ(၂)အောက် ၊ တပ်ရင်း(၂၀) ရဲ့ နယ်မြေဖြစ်ပြီး လက်ရှိအချိန် လီဒိုလမ်းတစ်လျောက် စစ်ကောင်စီဘက်ကနေ စစ်အင်အား တိုးချဲ့မှုတွေရှိနေပါတယ်။

အောက်တိုဘာလ(၈)ရက်နေ့ကလည်း ရှဒူးဇွပ်ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို နောင်းမီနဲ့ မန်ပန်ကျေးရွာကြားမှာ (KIA) ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။