ဩဂုတ်၊၂၇
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC )ဗဟိုအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် Rev.တူးမိုင်ကို မနေ့က လာရောက် ဖမ်းဆီးဖို့ လုပ်ဆောင်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ KBCဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြန်လည် ဖြေရှင်းလိုက်ပါတယ်။
KBCအသင်းတော်ရဲ့ ကိုဗစ်နဲ့ ပတ်သက်ပြီး ဆုတောင်းစာကို ဘာသာတူအသင်းတော်‌တွေဆီ ဖြန့်ဝေတဲ့စာထဲမှာ နိုင်ငံခေါင်းဆောင်တွေနဲ့ တပ်မတော်ကို ထိပါးစေတယ် ဆိုတဲ့ အချက်(၂)ချက်ပါတယ်ဆိုပြီး ညှိနှိုင်းနေစဉ်အတွင်းမှာပဲ Rev. တူးမိုင် ကို ရဲတွေက လာရောက်တွေ့ဆုံ စကားပြောခြင်းသာ ဖြစ်တယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန်က ရှင်းပြပါတယ်။
“ကျွန်တော်တို့ အသင်းတော်ကို ကိုဗစ်အတွက် ဆုတောင်းဖို့ အသင်းတော်တွေကို ပို့တဲ့အထဲမှာ အဲဒီထဲမှာ ပါတဲ့ အချက်(၂)ချက်က နိုင်ငံခေါင်းဆောင်တွေနဲ့ တပ်မတော်ကို ထိပါးတယ်ဆိုတဲ့ အချက် ပါလာတဲ့အပေါ် ဒီကိစ္စ စလာခြင်းဖြစ်တယ်။ မနေ့ညကတော့ လာဖမ်းတာ မဟုတ်ပါဘူး။ အုပ်ချုပ်ရေးမှူးပါတယ်။ ရဲစခန်းက တာဝန်ရှိတွေ ပါတာပေါ့။ လာရောက်တွေ့ဆုံ စကားပြောခြင်း ဖြစ်တယ်။ သတင်းမှာပါတဲ့ စစ်ကားတွေပါတယ်။ လာဝိုင်းတယ် ဒါတွေက မမှန်တဲ့ သတင်းတွေပါ။ လာပြီးတွေ့ဆုံတာပဲ ဖြစ်တယ်။ ဖမ်းဖို့ ရည်ရွယ်ပြီး လာတာ မဟုတ်ဘူးလို့ ရှင်းပြချင်ပါတယ်။”လို့လည်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ဆိုပါတယ်။
လက်ရှိ အဲဒီစာနဲ့ ပတ်သက်ပြီးအဓိပ္ပာယ်လွဲမှားနေမှုကို အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်နဲ့ PCGကနေ ပြေလည်အောင် လုပ်ဖို့ ကြိုးစားလျှက်ရှိနေတယ်လို့လည်း သိရပါတယ်။
“အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်နဲ့ PCGကနေ ဒီကိစ္စကို ပြေလည်အောင် အချိန်ကို စောင့်နေခြင်း ဖြစ်တယ်။ အဓိပ္ပာယ်ပြန်ဆိုတဲ့နေရာမှာ တချို့လွဲမှားတာတွေ ပါတယ်ဆိုတော့ ရည်ရွယ်ချက်ဘာလဲဆိုတာ ရှင်းပြပြီးမှ ပြေလည်အောင်လုပ်ဖို့ ကြိုးစားလျှက်ရှိပါတယ်။”လို့ သူက ပြောပါတယ်။
မနေ့က အရပ်ဝတ်နဲ့ ရဲ(၄)ဦးအပြင် အုပ်ချုပ်ရေးမှူးတို့ လာ‌‌ရောက်တွေ့ဆုံပြီး စကားပြောဆိုခြင်းသာ ဖြစ်တယ်လို့လည်း သိရပါတယ်။