ကချင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ၂၀၁၁ ခုနှစ်ကနေစပြီး တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားလာတာဟာ အခုဆိုရင် ဆယ်စုနှစ်တစ်စုကျော်ရှိလာပြီဖြစ်ပါတယ်။
အဲဒီစစ်ပွဲတွေကြောင့် လူဦးရေ (၁) သိန်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး IDP စခန်းတွေမှာ နေထိုင်ခဲ့ကြရပါတယ်။
ကချင်ပြည်နယ်အတွင်းက အဲ့ဒီစစ်ရှောင် တစ်သိန်းကျော်ကို အရင် (NLD) အစိုးရလက်ထက်က နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်လုပ်ဆောင်တာတွေရှိခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် နေရပ်ပြန်ပို့ရေးအစီစဉ်တွေ နှောင့်နှေးသွားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ ၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုပ်က တစ်ကျော့ပြန်အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲတွေပြန်လည်ပြင်းထန်လာပြီးကချင်ပြည်နယ်အတွင်မှာ စစ်ဘေးရှောင်လာသူ ၁ သောင်း ၁ ထောင်ကျော်ထိရှိလာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု အထောက်အကူပေးရေးညှိနှိုင်းမှုအဖွဲ့ (United Nations Office for the Coordination of Humanitarian Affair -UNOCHA) ရဲ့ မေလကုန်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိအချိန်မှာလည်း စစ်ကောင်စီဖက်ကနေ ကချင်ပြည်နယ်က နေရာအနှံ့မှာ စစ်အင်အားတွေဖြည့်တင်းတာတွေ လုပ်ဆောင်နေပါတယ်။
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့ ညပိုင်းကစလို့ အင်တာနက်လှိုင်းတွေကို စစ်ကောင်စီကဖြတ်တောက်ထားပြီး စစ်ကားတွေနဲ့ပါအင်အားဖြည့်တင်းနေတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်လို့ လီဒိုလမ်းတစ်လျောက်မှာရှိတဲ့ကျေးရွာက ဒေသခံပြည်သူတွေဟာ အခက်အခဲမျိုးစုံကြုံတွေ့နေရပြီး မကြာခဏဆိုသလို စစ်ဘေးရှောင်နေရပါတယ်။

အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာကြောင့် သတင်းအချက်အလက်တွေမရှိတော့တဲ့အပြင် စစ်တပ်က ထိုးစစ်အကြီးအကျယ်ဆင်ဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာကြောင့် လူထုအကြား စိုးရိမ်ပူပန်မှုတွေရှိခဲ့ပါတယ်။
အဲ့ဒီလို အင်တာနက်တွေဖြတ်တောက်ထားပြီးနောက် တစ်လအကြာ စက်တင်ဘာလ (၂၅) ရက်နေ့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေ ခွန်ဆိုင်ယန်ကျေးရွာကို ရောက်ရှိလာလို့ ဒေသခံပြည်သူတွေဟာ လဝါးကျေးရွာဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
စစ်ကောင်စီရဲ့စစ်ကြောင်း ခွန်ဆိုင်ယန်ကျေးရွာကို ရောက်ရှိလာချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ခွန်ဆိုင်ယန်ကျေးရွာသား အများစုဟာ လဝါး KBC ဘုရားကျောင်းနဲ့ RC ဘုရားကျောင်းတွေမှာ တိမ်းရှောင် နေထိုင်ခဲ့ကြရပါတယ်။
“ရွာသားအားလုံးပြောင်းရွှေ့တာတော့ မဟုတ်ဘူး တစ်ချို့က လဝါးက အမျိုးအိမ်တွေမှာ နေကြတယ်။ တစ်ချိ့ကတော့ စစ်လုံးလုံးကြီးဖြစ်နေတာမဟုတ်တဲ့အတွက် ရွာမှာပဲ ဆက်နေနေကြတယ်။ လူဦးရေကတော့ ရွာမှာက ကျွန်တော်တို့ နှစ်ခြင်းခရစ်ယာန်ဘာသာဝင်တွေချည်းပဲ ဒီကိုပြောင်းလာတဲ့သူတွေနဲ့ပေါင်းရင် ၄၀၀ ကျော်တယ်။ ကက်သလစ်ဘာသာဝင်တွေကတော့ သူတို့ဘုရားကျောင်းမှာပဲ ပြောင်းရွှေ့ကြတာ။” ခွန်ဆိုင်ယန်ရွာသား တစ်ဦးက NUM ကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းချီတက်လာချိန် ကားလမ်းအတိုင်း တက်လာတာမဟုတ်ပဲ စစ်ဘေးတိမ်းရှောင်နေတဲ့ ပြည်သူတွေသွားတဲ့ လမ်းအနီးကနေ စစ်ကြောင်းချီလာတာကြောင့် ခွန်ဆိုင်ယန်ရွာအနီး အနားရောက်တဲ့အချိန်မှာ တိမ်းရှောင်နေတဲ့ ပြည်သူတွေဖက်ကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
” ကျွန်တော်တို့ရွာက ကလေးတွေနဲ့ အသက်ကြီးရွယ်အိုတွေများတော့ စိုးရိမ်ရလို့ တိမ်းရှောင်လာခဲ့တာဟုတ်တယ်။ ခွမ်စိုင်ယန်နဲ့ လဝါးက ၁မိုင်ကျော်လောက်တော့ ဝေးတယ်။ တစ်ချို့က ခြေကျင်နဲ့ တိမ်းရှောင်ကြတယ် တချို့ ဆိုင်ကယ်ရှိတဲ့သူက ဆိုင်ကယ်နဲ့ တစ်ချို့ကျသုံးဘီးကားနဲ့တိမ်းရှောင်လာကြတာ။ လဝါးက လူတွေလည်း ကားနဲ့ လာကြိုပေးတာမျိုးရှိတယ်။စက်တင်ဘာ ၂၅ ရက်နေ့ ၁နာရီ ၂နာရီ ဝန်းကျင်လောက်က တိမ်းရှောင်လာတာဟုတ်တယ် တစ်ပတ်ကျော်လောက်ရှိလာပြီ။” လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် စက်တင်ဘာလ (၂၅) ရက်နေ့က အဲ့ဒီ စစ်ကြောင်းဟာ ဒွမ်ဘုံး ( Dum Bung) ဘက် လှုပ်ရှား သွားလာခဲ့ပြီး ဒေသခံတွေဟာထိတ်လန့်ခဲ့ကြပါတယ်။
စက်တင်ဘာ (၂၅) ရက်နေ့က ခွန်ဆိုင်ယန်ကျေးရွာမှာ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ရွာသားတွေဟာ လဝါးကျေးရွာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စက်တင်ဘာ (၂၆) ရက်နေ့မှာမနက်မှာ စစ်ကောင်စီတပ်သားတွေ လီဒိုလမ်းဘက် တက်သွားကြတာကြောင့် ရွာသားတွေဟာ မိမိတို့နေအိမ်တွေမှာ ပြန်လည်နေထိုင်ခဲ့ကြပါတယ်။
“ဒီရက်ပိုင်းက စစ်ကောင်စီတွေလည်း ပစ်ခတ်တာမျိုးတွေမရှိတော့ ဒီမနက်ပဲ အိမ်ကို ခဏပြန်ကြဖို့ ကော်မတီကနေ စီစဉ်နေကြတယ်။ အကုန်လုံးနီးပါး ရွာကို ပြန်သွားကြပြီ။ ဘာလို့ ပြန်ကြတာလဲဆိုတော့ ဒီရက်ပိုင်းတက်သွားတဲ့ စစ်ယာဉ်တန်းတွေ ပြန်ခေါက်လာတာမျိုးမရှိသေးတဲ့အတွက် ဘာမှမဖြစ်တော့ ဘူးဆိုလို့ ပြန်လာကြတာဟုတ်တယ်။ တစ်ချို့ကတော့ ဒီမှာပစ္စည်းတွေထားထားကြတယ် အခုပြန်တယ်ဆိုတာက အပြီးပြန်တာမဟုတ်သေးဘူး ပြန်ပစ်လာကြရင်တော့ ပြန်တိမ်းရှောင်လာဖို့ ဒီကလူတွေနဲ့ ညှိနှိုင်းထားတယ်။ စစ်ကောင်စီယာဉ်တန်းတွေ ပြန်ခေါက်လာတဲ့အချိန်တော့ ပြန်ပြောင်းရွှေ့လာဖို့လည်း ဒီကလူတွေနဲ့ ညှိနှိုင်းထားတယ်။ တစ်ကယ်လို့ ပြန်ပစ်ခတ်လာခဲ့ရင်တော့ ပြန်တိမ်းရှောင်လာရမှာပဲ နေရာထိုင်ခင်း အိပ်ဖို့နေရာကတော့ ခက်တာပေါ့။” အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆက်လက်ပြောပါတယ်။
ဒါပေမယ့် ဒွန်ဘွမ်တပ်စခန်းက စစ်အင်အား (၅၀) လောက်ဟာ ခွမ်ဆိုင်ယန်ကျေးရွာကိုပြန် ရောက်လာတဲ့အပြင် လက်နက်ကြီး/ငယ်တွေပစ်ဖောက်ကာ ရွာထဲလှုပ်ရှားသွားလာနေပြီးတော့ ခွန်ဆိုင်ယန်ရွာက လယ်တောသွားနေတဲ့ သားအဖနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးပြန်လွတ်ခဲ့ပေးခဲ့ပေမယ့် ရွာအနီးတစ်ဝိုက်ခြေလျင်တပ်တွေလှုပ်ရှားသွားလာနေတဲ့အပြင် ကေအိုင်အေတပ်တွေလည်းရှိတာကြောင့် တိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်ရတဲ့အတွက် လဝါးကျေးရွာကို နောက်တစ်ကြိမ် အမြန်ဆုံးတိမ်းရှောင်ခဲ့ရပါတယ်။
“ရွာမှာ စစ်ကောင်စီတပ်တွေမရှိတဲ့ချိန် နှစ်ရက်သုံးရက်လောက်ပြန်လာနေကြတာ။ ဟိုတလောက တနိုင်းတက်သွားတဲ့ စစ်ကောင်စီတွေဆင်းလာရင် ပြန်ရှောင်ဖို့ ဆွေးနွေးထားကြတာ။ ဒီနေ့ပြန်ဆင်းလာတယ်ကြားလို့ အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေလဝါးဘက်ပြန်သွားလိုက်ကြတယ်။ ကျနော်တို့ အခုခံစားနေရတာက မကောင်းဘူး။ ရွာပြန်ရင်လည်း ကို့အလုပ်တွေကိုလည်း ကောင်းကောင်းမလုပ်နိုင်ဘူး” အထက်ပါဒေသခံက ဆက်လက်ဆိုပါတယ်။
စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲပြင်းထန်လာနိုင်တဲ့အတွက် ခွန်ဆိုင်ယန်ကျေးရွာသားတွေဟာ လဝါးကျေးရွာဘက်ကို တိမ်းရှောင်ခဲ့ရာမှာ ကျန်းမာရေးမကောင်းတဲ့သူတွေပါရှိနေတာကြောင့် ဆေးဝါးတွေအရေးတကြီးလိုအပ်တာတွေနဲ့ ဆေးကုသဖို့သွားလာရေးအတွက်လည်း အခက်အခဲမျိုးစုံကြုံတွေ့ရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
” ဒီနေ့စစ်ကောင်စီတွေ ပြန်ဆင်းလာတယ်ကြားလို့ လဝါးဘက် တချို့ပြန်ပြေးသွားကြပြီ။ လဝါးဘုရားကျောင်းမှာနေတဲ့သူတွေက ဖျားပြီးအချင်းချင်းကူးလာတာတွေလည်း ရှိတယ်။ တချို့က ဆိုင်ကယ်မရှိကြတော့ ခြေချင်နဲ့အသွားအပြန်လုပ်ဖို့ ခက်ခဲကြတယ်။ ဆေးဝါးနဲ့ အစားအသောက်တွေခက်ခဲတယ်။ အိပ်တဲ့နေရာရောသိပ်အဆင်မပြေဘူး။ ဒေသခံတွေကများတော့ ခေါင်းချင်းဆိုင် နီးနီးကပ်ကပ်အိပ်ကြတယ်။ တချို့ဖျားတဲ့လူတွေရှိလို့ အချင်းချင်းရောဂါကူးလာကြတာ။” စစ်ရှောင်အမျိုးသမီးက ဆိုပါတယ်။
ခွန်ဆိုင်ယန်ကျေးရွာသား ၃ ပုံ ၂ ပုံလောက်ဟာ တစ်နေ့ရှာတစ်နေ့စားတွေများပြီး လယ်ယာတောင်ယာလုပ်ကိုင်စားသောက်သူတွေဖြစ်တာပြီးတော့ တိုက်ပွဲတွေကြောင့် အခုလိုစစ်ရှောင်နေရတာကြောင့် စားဝတ်နေရေးအတွက် ခက်ခဲနေကြပါတယ်။
” ဖြစ်နိုင်ရင်တော့ လဝါးမှာပဲနေရင်ပိုကောင်းတာပေါ့။လယ်ယာ အသွားအပြန်တွေရှိတော့ တချို့ကရွာမှာနေတယ်။ ခွန်ဆိုင်ယန်မှာက လယ်ယာတောင်ယာလုပ်ကိုင်စားသောက်ကြတယ်။ အသီးစိုက်ခင်းတွေလည်း နည်းနည်းပါးပါး လုပ်ကိုင်စားသောက်ကြတယ်။ သုံးပုံနှစ်ပုံလောက်က ဒီနေ့ရှာ ဒီနေ့စားဖြစ်နေတော့ အရမ်းခက်ခဲနေကြတာ။” စစ်ရှောင်လာသူတစ်ဦးကလည်း NUM ကို ထပ်မံပြောဆိုပါတယ်။
ဖားကန့် လီဒိုလမ်းဘက်ကို စစ်ကောင်စီကနေ စစ်အင်အားဖြည့်တင်းမှုတွေလုပ်ဆောင်နေစဉ်အတွင်းမှာ စက်တင်ဘာလ (၂၃) ရက်နေ့ မနက် (၁၁) နာရီလောက်က နမ္မတီးဘက်ကနေ လီဒိုလမ်းဘက်ကို တက်လာတဲ့ စစ်ကား (၃) စီး လမ်းခုလတ်မှာတင်မိုင်းခွဲတိုက်ခိုက်ခံရပြီး အဲ့ဒီနေ့ ညနေ (၆) နာရီအချိန်လောက်မှာလဲ ခြေချင်နဲ့ စစ်ကြောင်းပြန်ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA တို့ လွယ်လီချောင်းအကျော် ဒွမ်ဘွမ်အောက်ဘက်မှာရှိတဲ့ တာဝါတိုင်အနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ဒါ့အပြင်စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ လဝါးကျေးရွာအကျော်က ခြံထဲကနေ ဆိုင်ကယ်စီးပြီးပြန်လာတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို စက်တင်ဘာလ (၂၈) ရက်နေ့က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အပစ်ခံရတဲ့ ပြည်သူနှစ်ဦး အပြင်းထန်ဒဏ်ရာရှိခဲ့ပါတယ်။
ဒဏ်ရာရရှိတဲ့ အမျိူးသားနဲ့ အမျိုးသမီးဟာ ခြံထဲကနေ ဝက်စာပင်ခုတ်ပြီးပြန်လာတဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒဏ်ရာပြင်းထန်လို့ အမျိုးသားတစ်ဦးအခြေနေစိုးရိမ်ရတာကြောင့် မြစ်ကြီးနားစစ်ဆေးရုံကို ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရသိရပါတယ်။
အောက်တိုဘာ ၁ ရက်နေ့မှာလည်း ဝါရာဇွပ်ကျေးရွာအနီးမှာ ကေအိုင်အေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ကျေးရွာအတွင်းကို စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ကြောင့် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂ ရက်နေ့မှာလည်း ဝါရာဇွပ်ကျေးရွာအုပ်စုက ယုဇနကုမ္ပဏီလမ်းဖောက်လုပ်ထားတဲ့ တရုန်တံတားအကျော်နဲ့ ဝခါး (Wa Hka) သွားနဲ့လမ်းဘက်မှာ တိုက်ပွဲဖြစ်နေချိန် ရှတူးဇွပ်တပ်ရင်း (၂၉၇) ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး ဝါရာဇွပ်ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
တိုက်ပွဲတွေကြောင့် ကချင်ပြနယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ရှောင် တစ်သိန်းကျော်ဟာ ဒီကနေ့အထိနေရပ်ပြန်နိုင်ခြင်းမရှိသေးပဲ ဒုက္ခမျိုးစုံခံစားရင်း စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြရပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့်လည်း စစ်ရှောင်ပြည်သူတွော ပိုပြိးခက်ခဲတဲ့ဘဝတွေကို ဖြတ်သန်းနေကြတယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ကချင်စစ်ပွဲ ၁၀ နှစ်ပြည့်အခမ်းအနားမှာ ပေးပို့တဲ့သဝဏ်လွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားပါတယ်။
ကချင်လွတ်လတ်ရေးအဖွဲ့ KIO ဟာ ၁၉၉၄ ခုနှစ်မှာ တပ်မတော်နဲ့ အပစ်ရပ်ငြိမ်းချပ်းရေးစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ပြီး ၁၀ နှစ်ကျော်ကြာ တိုက်ပွဲတွေ ရပ်တန့်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာရှင်စစ်အစိုးရက ၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့မှာ ကချင်ပြည်နယ် “ဆန်ဂန်” က KIA တပ်စခန်းတစ်ခုကို ရုတ်တရက်ဝင်စီးခဲ့ပြီး ဒု-တပ်ကြပ် ဂမော်ချန်းယိမ်းကို ရက်ရက်စက်စက်လူမဆန်စွာ သတ်ဖြတ်ခဲ့တာကနေ (၁၇) နှစ်ကြာငြိမ်းချမ်းရေးသဘောတူညီမှုပျက်ပြားခဲ့ပြီး တစ်ကျော့ပြန်စစ်ပွဲတွေစတင်လာခဲ့တာဖြစ်ပါတယ်။
အခုဆိုရင်လည်း မြစ်ကြီးနား တနိုင်း လမ်းဒိုလမ်းပေါ်က ရွာတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး ရှေ့ဆက်ပြီးလည်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် စစ်ဒဏ်ကို အလူးအလဲ ခံကြရဦးမှာ ဖြစ်ပါတယ်။





