နို၀င်ဘာ၊၂
ကချင်ပြည်နယ်အတွင်းက IDP တွေနေရပ်ပြန်နိုင်ရေး ပထမအဆင့်အနေနဲ့ ခရစ်ယာန်အသင်းတော်ပေါင်းစုံ ကို စစ်ကောင်စီကနေ မနေ့က နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က မြန်မာစစ်တပ်နဲ့ KIO တို့ကြား IDP တွေ နေရပ်ပြန်နိုင်ရေးအတွက် သဘောတူညီမှုရရှိခဲ့ပြီးနောက် ရပ်တန့်ခဲ့တဲ့ နေရပ်ပြန်နိုင်ရေး အစီအစဉ်ကို ပြန်လည် အကောင်ထည်ဖော် နိုင်ဖို့အတွက် ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေး၊ ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG)က ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွမ်ဂျာက National Unity Media (NUM) ကိုပြောပါတယ်။
“အဓိကတွေ့ဆုံမှုက ကျနော်တို့ ကချင်ပြည်နယ်မှာရှိတဲ့ IDPတွေ နေရပ်ပြန်နိုင်ဖို့အတွက် ဘာကူညီပေးရမလဲ။ ဘာထောက်ပံ့ကူညီပေးရမလဲ ဆိုတဲ့အပေါ်မှာ ဒီ IDP တွေကလည်း ဘာသာရေးအသင်းအဖွဲ့ တွေရဲ့ အသင်းသူ/သားတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဓိက ကတော့ ဘာသာရေးခေါင်းဆောင်တွေ ဆရာတွေကို ခေါ်ပြီးဆွေးနွေးတာပဲ ဖြစ်တယ်ဗျ။ ဒါကတော့ လွန်ခဲ့တဲ့ NLD အစိုးရလက်ထက်တုန်းက အစိုးရတပ်မတော်နဲ့ KIO နဲ့ ကြားမှာ သဘောတူပြီးမှ လုပ်ဆောင်ခဲ့တဲ့ IDP တွေအတွက်နေရပ်ပြန်နိုင်ရေးအတွက်ကို လုပ်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှ ပြန်ရပ်တန့်သွားတဲ့ ပုံစံမျိုး ဖြစ်သွားတဲ့အပေါ်မှာ ဆက်လက်ပြီး အစိုးရတပ်မတော်အနေနဲ့ ဘယ်လိုပြန်ကူညီပေးရမလဲ၊ဘယ်လိုဝိုင်းလုပ်ကြမလဲ၊ ဆိုတဲ့အပေါ်မှာ ဒီဘာသာရေးဆရာတွေခေါ်ပြီးမှ တွေ့ဆုံဆွေးနွေးခဲ့တာပဲဖြစ်တယ်။” လို့ ဦးလမိုင်ဂွန်ဂျာက ဆိုပါတယ်။
ကချင်ပြည်နယ်အတွင်းက IDP တွေနေရပ်ပြန်နိုင်ဖို့အတွက်လည်း ငြိမ်းချမ်းရေးရဖို့ အရေးကြီးတယ် ဆိုတဲ့အကြောင်းနဲ့ အရင်ကလည်း နေရပ်ပြန်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းကို ဘာသာရေးဆရာတွေကို သိအောင်ရှင်းပြခဲ့ခြင်းသာဖြစ်တယ်လို့ ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။
“အစိုးရသဘောထားကတော့ IDP ဆိုတာကတော့ နိုင်ငံသူနိုင်ငံသား ပြည်နယ်သူ/သားတွေဖြစ်တယ်။ဒါကြောင့် ပြည်သူလူထု သူတို့ဒုက္ခရောက်နေတဲ့အပေါ်မှာ အခုသူတို့တာဝန်ကျတဲ့ တပ်မတော်အနေနဲ့ ဘာကူညီပေးရမလဲ။ ဘယ်လိုလုပ်ဆောင်ကြမလဲ။ ဘာတွေကူညီထောက်ပံ့ပေးပြီးမှ ပြန်နိုင်အောင် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတဲ့အပေါ်မှာ လက်ရှိလုပ်နေတဲ့အပေါ်မှာ ဒါကို တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့တာပဲ ဖြစ်တယ်။ အဓိကတော့နေ့ရပ်ပြန်ရေးပါပဲ။ နေရပ်ပြန်တယ်ဆိုတဲ့အပေါ်မှာလည်း နေရပ်ပြန်နိုင်ဖို့အတွက်ကလည်း ငြိမ်းချမ်းရေးရဖို့အရေးကြီးတယ်။ အဓိကတော့အပစ်ခတ်ရပ်စဲရေးလုပ်ရမှာပေါ့လေ။ အဲ့ဒီအပိုင်းတွေလည်းပဲ အရင်တုန်းက တွေ့ဆုံဆွေနွေးခဲ့တဲ့ပုံစံအပေါ်မှာ ဆရာတော်တွေ သိအောင်ရှင်းပြခဲ့တာပဲရှိပါတယ်။” လို့ ဦးလမိုင်ဂွမ်ဂျာက ဆက်လက်ပြောပါတယ်။
အဲ့ဒီဆွေးနွေးပွဲမှာ ခရစ်ယာန် အသင်းတော် (၅) ဖွဲ့ဖြစ်တဲ့ KBC အသင်းတော်၊RC အသင်းတော် ၊အင်္ဂလိကန် အသင်းတော်၊AG အသင်းတော်နဲ့ ခရစ်တော်အသင်းက ဆရာတွေအားလုံး ပါဝင်ပြီး သာသာရေးဆရာတွေရဲ့ ခရီးစဉ်ကို PCG ကနေ စီစဉ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။





