နိုဝင်ဘာ၊၁၁

ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီခရိုင်၊ ဖုလုံအနောက်ဘက်တောင်တန်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ နိုဝင်ဘာလ (၉) ရက်နေ့ မနက် (၉) နာရီမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့် MNDAA စနိုက်ဘာသမားရဲ့ လက်ချက်နဲ့ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ပြီး တပ်မ (၉၉) ရဲ့ ရိက္ခာတစ်ချို့ကိုလည်း MNDAA က သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီဟာ မုံးကိုးခရိုင်အတွင်းမှာ စစ်ကူတွေအဆက်မပြတ်ပို့ဆောင်နေပြီး သိန္နီခရိုင်ဘက်မှာလည်း ကိုးကန့် MNDAA နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီရဲ့တပ်စုတွေဟာ နို၀င်ဘာလ (၉) ရက်နေ့ တစ်ရက်လုံး မုံးကိုးခရိုင် လော်ကူ၊ရှယ်ကြာကျိုက်၊နမ်စူ၊ဟွာချောက်၊ဟေးမုံလုံ စတဲ့ဒေသတွေမှာ လှုပ်ရှားလျက်ရှိနေတယ်လို့ The Kokang က ဖော်ပြထားပါတယ်။

မုံးကိုးဒေသမှာ စစ်ရေးတင်းမှာမှုတွေကို လျော့ကျစေလိုတဲ့ရည်ရွယ်ချက်နဲ့ MNDAA တပ်စွဲထားတဲ့ နေရာ (၃) ခုက တပ်ခွဲတွေကို ပြန်လည်ဆုတ်ခွာဖို့ MNDAA ဘက်က မနေ့က ထုတ်ပြန်ထားပါတယ်။