Site icon

ကဘူဒမ်းစစ်ရှောင်ပြည်သူတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေရှုံးပေါ်နေတာကြောင့် စား၀တ်နေရေးအတွက် စိုးရိမ်နေရ

နိုဝင်ဘာ၊၁၃

မြစ်ကြီးနားမြို့ ၊ နန်းကွေ့ကျေးရွာအုပ်စုက ကဘူဒမ်းစစ်ရှောင်ပြည်သူတွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့ စပါးခင်းအရှုံးပေါ်နေတာကြောင့် မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာဘက်မှာ စိုက်ပျိုးထားတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ စပါးခင်းဟာ အခုနှစ် ရာသီဥတု အခြေအနေကြောင့် စပါးပင်တွေပျက်စီးပြီး ရိတ်သိမ်းစရာမရှိ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်အကိုင်ရှားပါးနေတဲ့ အခုလို ကာလမှာ စစ်ရှောင်ပြည်သူတွေ ရင်းနှီးထားရတဲ့ စပါးခင်းပျက်စီးသွားတာကြောင့် မိသားစုစားဝတ်နေရေး ပူပန်နေရတယ်လို့ ကဘူဒမ်းစစ်ရှောင်စခန်း တာဝန်ခံက National Unity Media (NUM)ကို ပြောပါတယ်။

“ဒါကတော့ သူတို့ရဲ့ စားဝတ်နေရေးအတွက် မျှော်လင့်ပြီးမှ အချိန်ကုန်ခံရတယ်။ လူပင်ပန်းခံရတယ်။ နေ့စားလေးတွေရှာလိုက်၊ အခင်းထဲမှာ ပြန်ရင်းနှီးလိုက် အဲဒီလို ငွေကုန်ကြေးကျခံပြီးမှ လုပ်ထားတာ။ အခု အသီးရိတ်သိမ်းရမယ့်အချိန်မှာ ဘာမှရိတ်သိမ်းစရာမရှိအောင်ကို ဆုံးရှုံးသွားတဲ့ အနေအထားဖြစ်တော့ သူတို့အတွက် လုံးဝမျှော်လင့်ချက် မရှိသလို သူတို့ ခံစားရတယ်။ “လို့ တာ၀န်ခံက ဆိုပါတယ်။

ဒါ့အပြင် ရာသီဥတုနဲ့ ကြွက်တွေကြောင့် တနိုင်းလီဒိုလမ်းတစ်လျှောက်က ဒေသခံတွေနဲ့ အင်ဂျန်းယန်မြို့နယ်က ဒေသခံတွေရဲ့ စပါးခင်းပျက်စီးမှုတွေ ဖြစ်ပေါ်နေပါတယ်။

လက်ရှိအချိန် ကဘူဒမ်းစစ်ရှောင်စခန်းမှာ လူဦးရေ (၄၃)ဦးရှိပြီး အဲဒီစစ်ရှောင်တွေဟာ လီဒိုလမ်းမပေါ်မှာရှိတဲ့ တိန်ကောက်ကျေးရွာကနေ (၂၀၁၇ ) ခုနှစ်က စစ်ဘေးတိမ်းရှောင်လာခဲ့တာ ဖြစ်ပါတယ်။