Site icon

မြစ်ကြီးနားမြို့၊ ဂျော်မဆတ်စစ်ရှောင်စခန်းက ကိုဗစ်ပိုးတွေ့လူနာအားလုံးနီးပါး သက်သာပျောက်ကင်း

နို၀င်ဘာ၊၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊‌ နောင်နန်းတိုက်နယ်က ဂျော်မဆတ် စစ်ရှောင်စခန်းမှာ ကိုဗစ်ပိုးတွေ့ရှိသူ (၁၅၀) ကျော်အထိ ရှိခဲ့ရာက‌နေလက်ရှိ ပိုးတွေ့လူနာ(၂)ဦးသာ ကျန်ရှိ‌တော့တယ်လို့ သိရပါတယ်။

ပိုးတွေ့လူနာ(၂)ဦးဖြစ်တဲ့ အသက်(၅၀)ကျော်နဲ့(၁၈)နှစ်အရွယ် အမျိုးသမီးတို့ဟာလည်း လက်ရှိ ကျန်းမားရေး အခြေအနေကောင်းမွန်လျက်ရှိနေတယ်လို့ စစ်ရှောင်စခန်းက ဒုတာဝန်ခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။

“လက်ရှိက ပိုးတွေ့က(၂)ယောက်ပဲ ရှိတော့တယ်။ အပြင်ကနေ ဝင်လာတဲ့ စောင့်ကြည့်လူ‌နာတွေကလည်း အကုန်ထွက်ပြီ။ အောက်ဆီဂျင်ရှူရတဲ့ အဆင့်တော့ မဟုတ်ဘူး။ အဖျားတက်လိုက်၊ ကျလိုက်နဲ့ သက်တော့သက်သာနေကြပါပြီ။ အခု သူတို့က (၂)ပတ်တော့ ကျော်နေပြီ။ (၂၁)ရက်ထိ စောင့်ကြည့်ပြီး ပြန်စစ်မယ်။ Anti-body ဖြစ်ပြီဆိုရင် ပြန်လွှတ်ဖို့တော့ ရှိတယ်”လို့ သူက ပြောပါတယ်။

လက်ရှိ စခန်းအတွင်း ဆိုးဆိုးရွားရွား ဖျားနာ‌တာတွေ မရှိတော့ပေမယ့် ဆောင်းအကူးကာလမှာ ဖြစ်တတ်တဲ့ နှာ‌စေး၊ ချောင်းဆိုး ဖြစ်နေသူ‌ တွေတော့ အနည်းငယ်ရှိနေပါတယ်။

စခန်းအတွင်းမှာ အသွားအလာကန့်သတ်မှု (Lock down )ပြုလုပ်ထားပေမဲ့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ တစ်ပတ်ကို (၂)ကြိမ် စားသောက်ကုန် ဝယ်ယူဖို့ ခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။

“Lock downက အကုန်ဖွင့်တဲ့ ပုံစံမဟုတ်ဘူး။ ကိုဗစ်စည်းကမ်းကို လိုက်နာဆောင်ရွက်နေသေးတယ်။ စခန်းအတွင်းက လူတွေကို တစ်ပတ်မှာ နှစ်ကြိမ် ဟင်းသီး၊ ဟင်းရွက် ဝယ်ဖို့ ခွင့်ပြုတယ်။ တစ်ခါတည်းတော့ မဖွင့်သေးဘူး။ ဒီလကုန်အထိတော့ စောင့်ကြည့်နေဆဲ ဖြစ်တယ်။”လို့ အထက်ပါတာ၀န်ခံက ဆိုပါတယ်။

စခန်းတွင်း နေထိုင်သူတွေအနေနဲ့လည်း အရင်ချိန်တွေကလို နေ့စားအလုပ်တွေ ထွက်လုပ်ဖို့ အဆင်မပြေမှုတွေကြောင့် ဝင်ငွေမရှိတော့လို့ အစားအသောက်လိုအပ်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

“အရင်က နေ့စားတွေ သွားလို့ရတယ်။ အခုက (၂)လ၊ (၃)ထိ အဲ့ဒီလိုပဲ နေခဲ့တယ်ဆိုတော့ အကုန်လုံးမှာတော့ အခက်အခဲ အနည်းနဲ့ အများတော့ ရှိနေပါတယ်။ ဝင်ငွေရှာဖို့က လုံးဝ နည်းလမ်းပျောက်သလို ဖြစ်နေလို့။”လို့ တာ၀န်ခံက ဆက်လက်ပြောပါတယ်။

ဂျော်မဆတ် စစ်ရှောင်စခန်းမှာ လူဦးရေ စုစုပေါင်း(၆၀၀)ကျော်ရှိတယ်လို့လည်း သိရပါတယ်။