အောက်တိုဘာ၊၁၃
ကချင်ပြည်နယ်၊ တနိုင်း လီဒိုလမ်းတစ်လျှောက်က စပါးခင်းတွေဟာ ရာသီဥတု ပူပြင်းတဲ့အတွက် ပျက်စီးလာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။
မိုးရွာတာမရှိတော့ဘဲ နေပူပြင်းတဲ့ဒဏ်ကြောင့် စပါးပင်တွေ နီလာပြီး ပျက်စီးလာတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လီဒိုလမ်းတစ်လျှောက်ကပဲ။ စပါးပင်တွေက နီသွားတာ။ ရေက အမြန်ခမ်းသွားတာ။ ဆိုတော့ ဘယ်လို ဆက်ဖြစ်လာမလဲ မသိဘူး။ အဓိက ကတော့ မိုးမရွာလို့ပေါ့။ ရာသီဥတုက အရမ်းပူတော့။ မနှစ်ကဆို ရာသီမိုးတွေ မှန်မှန် ရွာပေးတယ်။ ဒီနှစ်က အဲဒီလို မဟုတ်ဘူး။ ဆည်မြောင်းရေ မရတဲ့ သူတွေ အကုန် နီကုန်တာ”လို့ သူက ဆိုပါတယ်။
ရာသီဥတု ဆက်လက်ပူပြင်းနေမယ်ဆိုရင် ပိုပြီး စိုးရိမ်လာရနိုင်တယ်လို့လည်း သူက ဆက်လက် ပြောပါတယ်။
“စပါးပင် ဖြစ်ထွန်းမလား မပြောတတ်သေးဘူး။ စပါးအထွက်နှုန်းတော့ လျော့မှာ သေချာတယ်။ ရာသီဥတုက ဒီလိုပဲ ဆက်ဖြစ်နေရင် စိုးရိမ်လာရနိုင်တယ်။ ဆည်မြောင်းလည်း မရှိဘူးဆိုတော့”လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်အတွင်းက အင်ဂျန်းယန်မြို့နယ်ရဲ့ ကျေးရွာအချို့မှာလည်း ကြွက်သောင်းကျန်းတဲ့အတွက် စပါးပင်ပျက်စီးတာတွေလည်း ရှိနေပါတယ်။





