အောက်တိုဘာ၊၁၃
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်က ကျေးရွားအချို့ရဲ့ စပါးခင်းတွေမှာ ကြွက်တွေ သောင်းကျန်းနေတာကြောင့် စပါးပင်တွေ ပျက်စီးပြီး ယာပိုင်ရှင်တွေ အခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိ ဘွမ်ရွန်းနဲ့ အင်ဂွမ်းလကျေးရွာတွေမှာ အဆိုးဆုံး အခြေအနေဖြစ်နေပြီး ဒေသခံတွေအနေနဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်း‌တွေကို ဝိုင်းဝန်းအကြံပေး ကူညီကြဖို့ တောင်းဆိုနေကြပါတယ်။

“အရင်က လူကြီးတွေပြောတာက ဒီနှစ်မှာ ဒီလိုစားရင် နောက်နှစ်တွေမှာ ပိုဆိုးလာမယ်လို့ ပြောထားတာ ရှိတော့ စိုးရိမ်နေရတယ်။ ကူညီ အကြံပေးကြဖို့ တောင်းဆိုချင်တယ်။ ကြွက်တွေ စားလိုက်တော့ ယာပိုင်ရှင်တွေလည်း အခု စိတ်ဆင်းရဲနေရတယ်။ ကြွက်ထောင်တဲ့ဟာနဲ့တော့ မနိုင်လောက်တော့ဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အချို့ နေရာတွေမှာတော့ ကြွက်‌တွေကြောင့်မဟုတ်ဘဲနဲ့ စပါးပင် ပျက်စီးတာတွေ ရှိနေပြီး ဒေသခံတွေအနေနဲ့ အခုလိုဖြစ်နေတဲ့ အပေါ် အစာငတ်ဘေးကြုံလာမှာကို စိုးရိမ်နေကြရပါတယ်။

“တချို့ဆို ကြွက်ကြောင့်မဟုတ်ဘဲနဲ့ အလိုလို စပါးပင်တွေ သေသွားတာလည်း ရှိတယ်။ အရင်က မဖြစ်ဖူးတော့ အားလုံး စိုးရိမ်နေကြတယ်။ တောင်ယာခင်းပဲ လုပ်ပြီး နေနေတာ အခုလို ဖြစ်တော့ ကျွန်တော်တို့ အစာငတ်ဘေးကြုံမှာ စိုးရိမ်နေရကြ ရတယ်။ ကြွက်စားလိုက်တဲ့ စပါးပင် ပိုင်ရှင်တွေကိုလည်း အားပေးထောက်မကြဖို့ အကြံဉာဏ်တွေ ပေးကြပါ။ ပညာပေးကြပါ။ ကူညီကြပါလို့ ပြောချင်ပါတယ်”လို့ သူက ပြောပါတယ်။

ဇူလိုင်လကနေ စက်တင်ဘာလအထိ လက်လှမ်းမီတဲ့ ဒေတာ စုစည်းချက်အရ အိမ်ခြေ(၂၀၀)ကျော်ရဲ့ မြေဧက(၁)ထောင်ကျော်က ဧက(၆၀၀)ကျော်လောက်မှာ ကြွက်တွေ သောင်းကျန်းနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။