အောက်တိုဘာ၊၂၅
ကချင်လွတ်မြောက်ရေး အဖွဲ့အစည်း(KIO)၊ (၆၁) နှစ်ပြည့်အထိမ်းအမှတ်နေ့ မှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက မြန်မာနိုင်ငံအရေးနဲ့ ပက်သက်ပြီး KIO/KIA အနေနဲ့ အာဏာရှင်ကို အဆုံးထိ တိုက်ထုတ်တွန်းလှန်သွားမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့အချိန်တွေမှာ မြန်မာနိုင်ငံအတွင်း ဘယ်အစိုးရပဲ တက်လာတက်လာ လူမျိုးကြီးဝါဒကိုသာ ဦးစားပေး လုပ်ဆောင်ခဲ့ကြပြီး မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ဆန္ဒတွေ လျစ်လျူရှုခဲ့တဲ့ လုပ်ရပ်တွေပဲ ရှိခဲ့တာကြောင့် တိုင်းရင်းသားတွေ စတင်တော်လှန်ခဲ့ကြတယ်လို့ မိန့်ခွန်းမှာ ပြောကြားပါတယ်။
တိုင်းရင်သားတွေအနေနဲ့ နှစ်ပေါင်း (၇၀) ခန့် တော်လှန်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်က အာဏာပြန်သိမ်းလိုက်တဲ့ချိန်မှာ ဘာကြောင့် တိုင်းရင်းသာတွေ တော်လှန်ရေး လုပ်ခဲ့ရတယ်ဆိုတာကို မြန်မာနိုင်ငံတွင်းရှိ ဗမာတိုင်းရင်းသားတွေ သိရှိနားလည်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ ခုလို KIO အပေါ်ပိုမိုယုံကြည်မှု ရှိလာတာကြောင့် KIO/KIA အနေနဲ့လည်း ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူမဆုံးဖြစ်ရကြောင်း ပြည်သူတွေယုံကြည်ထားတဲ့အတိုင်း KIO/KIA ဘက်ကလည်း ခုတိုက်ပွဲမှာ အဆုံးထိတိုက်ပွဲဝင် သွားမှာ ဖြစ်တယ်လို့ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက မိန့်ခွန်းမှာ ထပ်ဆင့် ပြောကြားခဲ့ပါတယ်။ပြည်သူလူထုတွေအနေနဲ့လည်း တရားမျှတတဲ့ဘက်ကနေ မားမားမတ်မတ် ဆက်လက်ရပ်တည်ပေးဖို့ကိုလည်း မိန့်ခွန်းမှာ ပါရှိပါတယ်။
ကချင်အမျိုးသားရေးအဖွဲ့ဝင်တွေ နဲ့ ကော်မတီဝင်တွေအနေနဲ့လည်း ပြည်သူတွေ ယုံကြည်မှု ပျက်ပြားစေတဲ့ ဘယ်အရာမဆို မပြုလုပ်ကြဖို့ကိုလည်း မိန့်ခွန်းမှာ ပန်ကြားခဲ့ပါတယ်။
ကချင်လွတ်မြောက်ရေး အဖွဲ့အစည်းတွေအနေနဲ့လည်း ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တည်ပြီး ဒီတိုက်ပွဲကို အဆုံးထိတိုက်ဖို့တွက် KIO/KIA အနေနဲ့လည်း အာဏာရှင်ကို ဆန့်ကျင်မယ့် ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းသွားမှာ ဖြစ်တယ်လို့လည်း ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။





