အောက်တိုဘာ၊၂၈

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊ အင်ဂွမ်လကျေးရွာအတွင်း ကိုဗစ်ကူးစက်တာတွေ များပြားလာပြီး အောက်တိုဘာ (၂၆) ရက်နေ့စာရင်းအရ ကိုဗစ်ပိုးတွေ့ရှိသူ လူဦးရေ( ၄၀၀)အထိရှိခဲ့တာကြောင့် ဆေးဝါးနဲ့အစားအသောက်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

“အခုလောလောဆယ် ကိုဗစ်ဖြစ်နေတော့ အချင်းချင်းကူညီဖို့ကလည်း ဆေးဝါးတွေလည်း လိုအပ်နေတယ်။ ပြီးတော့ အားရှိတဲ့အစားအစာတွေ လိုအပ်နေတယ်။ ဒီမှာရှိတာက ကြက်သွန်နဲ့ တောင်ယာက ထွက်တဲ့သီးနှံတွေပဲရှိတာ။” လို့ဒေသခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။

ဖျားနာသူ တွေဟာ နှာစေး၊ ချောင်းဆို၊ ခေါင်းကိုက်၊ ချမ်းပြီးဖျားတာတွေရှိနေပြီး အနွေးထည်တွေလည်း လိုအပ်နေပါတယ်။

ကျေးရွာကို အောက်တိုဘာလ ၂၃ ရက်နေ့ကနေ အသွားအလာကန့်သတ်ခဲ့ပြီး စပါးရိတ်သိမ်းဖြစ်တာ ကြောင့် ရွာသားတွေ ပိုပြီးအခက်တွေ့နေရတယ်လို့လည်း ဒေသခံက ဆိုပါတယ်။

အင်ဂွမ်လကျေးရွာဟာ အထက်တန်း ကျောင်းသူ/သားလူဦးရေ (၉၀၀) ကျော်ရှိပြီး ရွာသူ/သား စုစုပေါင်း (၂)ထောင်ခန့်ရှိတဲ့ကျေးရွာဖြစ်ပါတယ်။