အောက်တိုဘာလ(၂၈)
ကချင်ပြည်နယ်၊ တနိုင်းမြို့ နဲ့ ရှင်ဗွေယန်မြို့ လမ်းမပေါ်က ရှိန်လုံကျေးရွာနားမှာ တနိုင်းဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကနေ မနေ့က အောက်တိုဘာလ(၂၇)ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၅၀)နီးပါးရှိတဲ့ အဲဒီစစ်ကြောင်းကို ရှိန်လုံကျေးရွာအဝင်နားမှာ KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုများတယ်လို့ ဒေသခံတစ်ဦးက National Unity Media(NUM)ကိုပြောပါတယ်။
“မနေ့က လဂျားဘွမ်မှာ ပျောက်သွားတဲ့ စစ်ကြောင်းကို ရှိန်လုံရွာဝင်ခါနီးမှာ KIA ကနေ တစ်နေရာထဲမှာပဲ မိုင်း (၆)လုံး ခွဲပေးတယ်။သူတို့ဘက်က တော်တော်အထိနာသွားတယ်။ သူတို့ ဘုန်းကြီးကျောင်းမှာ နှစ်နာရီလောက်နားပြီး ပန္နက်ရွာဘက်ဖြတ်လာတယ်။ရှိန်လုံကနေ လက်နက်ကြီးငယ်ပစ်ပြီး လာတာ။ရွာသားတွေက ကြောက်ပြီး ထွက်ပြေးကြတာ့ဟုတ်တယ်။ ဒီမနက် (၇)နာရီလောက်မှာတော့ ပန္နက်ရွာကနေ ပြန်သွားပြီ။ လက်နက်ကြီးငယ်ပစ်ပြီး ခုတော့ တနိုင်းရောက်ပြီထင်တယ်။ ” လို့ဒေသခံက ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အဲဒီစစ်ကြောင်းဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်ကာ ပန္နက်ကျေးရွာဘက်ကို ရောက်ရှိလာတာကြောင့် ဒေသခံတွေ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ(၂၅)ရက်နေ့ကလည်း တခက်ကျေးရွာနဲ့ ခလုံးကျေးရွာကြားမှာလည်း KIA တပ်မဟာ(၂)အောက် တပ်ရင်း(၄၅)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MHH တို့က စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။





