Site icon

ကောင်ရာကျေးရွာမှာ စစ်ကောင်စီယာဉ်တန်း လုံခြုံရေးအဖွဲ့နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွား

အောက်တိုဘာ၊ ၆

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာအဝင်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ယာဉ်တန်းတွေကို လုံခြုံရေး ယူပေးတဲ့အဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

တိုက်ပွဲဲမှာ ဒီကနေ့ အောက်တိုဘာလ (၆) ရက်နေ့ နံနက် (၆) နာရီချိန်တည်းက စတင်ဖြစ်ပွားခဲ့ပြီးတော့ (၁၀) နာရီချိန်လောက်ထိ နှစ်ဖက်တပ်ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

” လုံခြုံရေး ယူတဲ့အဖွဲ့နဲ့ ဒီမနက် (၆) နာရီတည်းက ဖြစ်တာ။ (၁၀) နာရီလောက်ထိပေါ့။ ထိခိုက်သေဆုံးမှုနဲ့ ပက်သက်ပြီးတော့ ဘာမှ မသိရဘူး။” လို့ ဒေသခံက ဆိုပါတယ်။

မနေ့က အောက်တိုဘာလ (၅) ရက်နေ့ ည (၇) နာရီလောက်ကလည်း တနိုင်းမြို့ကနေ ပြန်ခေါက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကား (၃၈) စီးကို ဂျန်ပူဘွမ်မှာ KIA ဘက်ကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အချိန် ကားတစ်စီး ပျက်စီးခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိချိန် အကြမ်းဖက်စစ်ကောင်စီရဲ့ ယာဉ်တန်းတွေ ရှဒူးဇွပ်တပ်စခန်းမှာ ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။ရှဒူးဇွပ်ကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ယာဥ်တန်းတွေ ထွက်ခွာရင် တိုက်ပွဲ ဖြစ်လာနိုင်ခြေရှိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
​ပြီးခဲ့တဲ့ အောက်တိုဘာလ (၄) ရက်နေ့မှာလည်း ကောင်ရာကျေးရွာက အကြမ်းဖက်စစ်ကောင်စီတွေရဲ့ ယာဥ်တန်း လုံခြုံရေးယူပေးတဲ့အဖွဲ့တွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေပြီးတော့ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။