စစ်ကောင်စီက ထန်တလန်မြို့ကိုမီးရှို့တာနဲ့ ပက်သက်ပြီး တာဝန်ရှိတဲ့တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ အမိန့်ပေးနေတဲ့စစ်ကောင်စီအနေနဲ့ တာဝန်ယူ၊ တာဝန်ခံရမယ်ဆိုတဲ့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့် အင်တာဗျူး
ချင်းပြည်နယ်၊ထန်တလန်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် (၁၆၀) ကျော်နဲ့ နဲ့ ခရစ်ယာန်ဘုရားကျောင်း (၂) ကျောင်း မီးလောင်ကျွမ်း ပြာကျခဲ့ပါတယ်။
အဲ့ဒီအဖြစ်အပျက်တွေကို PDF တွေကနေလုပ်ဆောင်တာဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကို National Unity Media (NUM) ကနေ အခုလိုဆက်သွယ်မေးမြန်းထားပါတယ်။

မေး- ချင်းပြည်နယ် ထန်တလန်မြို့က ပြည်သူတွေရဲ့နေအိမ်ကို စစ်ကောင်စီကနေ မီးရှို့ဖျက်စီးတာတွေနဲ့ပတ်သက်လို့ ဝန်ကြီးအနေနဲ့ဘာများပြောချင်လဲ။
ဖြေ-ပထမဦးဆုံးပြောချင်တဲ့တစ်ခုကတော့ ဒါကတော့ ရက်စက်ယုတ်မာလွန်းအားကြီးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြီးတစ်ခုဖြစ်သလို စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ တစ်မြို့လုံးကို မီးလောင်တိုက်သွင်းပြီးတော့ မြေလှန်စနစ်ပုံစံမျိုးနဲ့ လုပ်ဆောင်တာဖြစ်တယ်။နောက်တစ်ခါ အဲ့ဒီဒေသမှာရှိတဲ့ ဒေသခံပြည်သူတွေ မြို့ရွာအတွင်းမှာ နေလို့မရအောင် မောင်းထုတ်ပြီးတော့ အစုလိုက်အပြုံလိုက် ထိခိုက်နစ်နာအောင် လုပ်ဆောင်တာဖြစ်တယ်။ တစ်ချိန်တည်းမှာ အဲ့ဒီဒေသက အရပ်သားတွေနေထိုင်တဲ့ နေရာဖြစ်တယ်။တိုက်ပွဲအတွင်းမှာတောင် ကာကွယ်ပေးရမယ်လို့ သတ်မှတ်ထားတဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မီးတောင်တိုက်သွင်းပြီးတော့ နေလို့မရအောင် ပြည်သူလူထုတွေ ပိုင်ဆိုင်တဲ့ အိုးအိမ်တွေကို ဖျက်ဆီးမှုက တကယ့်ကိုကြီးမားတဲ့ စစ်ရာဇဝတ်မှု မြောက်တဲ့အဆင့်ကို ရောက်ရှိသွားပါပြီ။ဒါကြောင့်မို့လို့ အပြင်းအထန်လည်းရှုံ့ချသလို ဒါမျိုးကိစ္စမှာ တာဝန်ရှိတဲ့တပ်ရင်းတပ်ဖွဲ့နဲ့အတူ အမိန့်ပေးနေတဲ့ စစ်ကောင်စီအနေနဲ့ ဒါနဲ့ပတ်သက်ပြီးတော့မှ တရားမျှတမှုအပြည့်အဝ တာဝန်ယူ တာဝန်ခံရမယ်ဆိုတာ ပြောချင်ပါတယ်။
မေး- ဒီကိစ္စနဲ့ ပက်သက်ပြီး စစ်ကောင်စီဘက်က တော့ PDF တွေမီးရှို့တာ လို့စွပ်စွဲထားတယ်။ အဲ့ဒီအပေါ်မှာ ဘယ်လိုတုန့်ပြန်ပြောကြားချင်ပါသလဲ။
ဖြေ- ခိုးတဲ့သူက ခိုးတယ်လို့ဘယ်တော့မှ ဝန်ခံမှုမရှိသလို ရာဇဝတ်ကျူးလွန်တဲ့သူကလည်း ကျူးလွန်တဲ့အကြောင်းဘယ်တော့မှဝန်ခံမှာမဟုတ်ပါဘူး။ ဒါကတော့ ကျနော်တို့အားလုံး နားလည်ပြီးသား ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ပြောချင်တဲ့ဟာက ဒီဒေသမှာရှိတဲ့ပြည်သူတွေက သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ချစ်သလို သူတို့ရဲ့မြို့၊ရွာ အပါအဝင်သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ကာကွယ်စောင့်ရှောက် ချင်တဲ့စိတ်ရှိပါတယ်။ အဲ့ဒီတော့ကိုယ့်ရဲ့ ရပ်ရွာအတွင်းမှာ ရှိတဲ့ ကိုယ့်ရဲ့တိုင်းရင်းသားဒေသတွေရဲ့ အမွေအနှစ် သင်္ကေတတွေကို ဖျက်ဆီးမလား ဒါကိုကျနော်တို့ လူစိတ်ရှိလို့ရှိရင် စဉ်းစားလို့ရပါတယ်။ အခုလိုမျိုး တစ်မြို့လုံး ပြာကျတဲ့အထိ တိုက်ခိုက်ပြီးမီးရှို့တဲ့ဟာက စစ်ကောင်စီဘက်ကနေ ပြည်နယ်နဲ့တိုင်းဒေသ အသီးသီးမှာလုပ်နေတဲ့ ဖြတ်လေးဖြတ်ပုံစံ မြေလှန်စနစ် နယ်မြေရှင်းလင်းရေး ပုံစံမျိုးဖြစ်နေတဲ့အတွက် ပြည်သူလူထုကလုပ်တယ် PDF ကလုပ်တယ်ဆိုတာမဟုတ်ပါဘူး။ PDF တို့ ပြည်သူလူထုတို့ပေါ်လာခြင်းက စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အကြမ်းဖက်မှုတွေ ရာဇဝတ်မှုတွေကို တွန်းလှန်ဖို့ပဲဖြစ်တယ်။ ဒါမျိုးလုပ်ဆောင်မှာမဟုတ်ပါဘူး။ ဒီလိုမျိုးကိစ္စမျိုးကို ကျနော်တို့ ဟိုးအရင်ကတည်းက ရိုဟင်ဂျာတွေပေါ်မှာ ရွာလုံးကျွတ်မီးရှို့တုန်းကလည်း ဒါမျိုးဆင်ခြေပေးဖူးပါတယ်။ နောက်ပိုင်းမှာတော့ ကျနော်တို့အားလုံးသဘောပေါက်ပြီးသားပဲ။ မီးရှို့ပြီးတော့ အချင်းချင်း ဖျက်ဆီးတယ်ဆိုတဲ့ အများအထင်အမြင် မှားအောင်လုပ်ဆောင်တဲ့ ဝါဒဖြန့်မှုပဲဖြစ်တယ်။ ကျနော်တို့ ဒီထန်တလန်ကိစ္စမှာ စစ်ကောင်စီဘက်ကပဲ ကျူးလွန်တယ်ဆိုတာ ကျနော်တို့ အပြည့်အဝယုံကြည်ပါတယ်။ PDF ပဲဖြစ်ဖြစ် ဒေသခံပဲဖြစ်ဖြစ် ဒါမျိုးလုပ်ဆောင်မှုအတွက်ကို လုပ်ဆောင်မှာမဟုတ်ဘူး။ PDF တွေ ဒေသခံပြည်သူတွေက ပြည်သူတွေကို ကာကွယ်ဖို့ရည်ရွယ်ထားတဲ့အဖွဲ့အစည်းပဲဖြစ်ပါတယ်။
မေး- အခုလို စစ်ကောင်စီက မြို့လုံးကျွတ်မီးရှို့တဲ့အပေါ်မှာ ဘယ်လိုစစ်ရာဇဝတ်မှုတွေမြောက်လဲ ။ အဲ့ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီကို ဘာပြောချင်လဲ။
ဖြေ– ပထမဦးဆုံး ဒီလိုမျိုး လက်နက်ကြီးတွေနဲ့ပစ်ပြီး မီးရှို့ဖျက်ဆီးတယ်ဆိုတာက အရပ်သားပြည်သူတွေကိုထိခိုက်စေတဲ့အရာမျိုးဖြစ်ပါတယ်။ ဒါမျိုးထိခိုက်တဲ့နေရာမျိုးမှာလည်း ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့အချက်ကလည်း ထင်ရှားလွန်းပါတယ်။ ဒီလိုမျိုးကိစ္စမှာလာရောက်ပြီးတော့ ငြိမ်းသတ်ဖို့ ကာကွယ်ဖို့ လုပ်ဆောင်တဲ့သူတွေကိုလည်း ဘယ်သူမှအဝင်မခံပဲနဲ့ လူသတ်ကွင်းလိုထားပြီးတော့ပစ်ခတ်နေတဲ့အရာက ဒီထက်ခိုင်လုံတဲ့စစ်ရာဇဝတ်မှုလို တခြားအရာရှိတော့မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ဒီအချက်တွေကအရမ်းခိုင်လုံပါတယ်။ဘယ်လိုမှ ငြင်းဆန်လို့မရတဲ့ မှတ်တမ်းတွေကျနော်တို့ ရရှိထားပြီးသားဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့လို့ ဒီပြည်တွင်းရဲ့ ဥပဒေအရ ကာကွယ်နိုင်မှုအနေနဲ့ မလုပ်ဆောင်နိုင်သည့်တိုင်အောင် ဒီဟာကို ကျနော်တို့ ကြီးမားသောလူ့အခွင့်အရေးချိုးဖောက်မှု ကြီးမားသော ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့အရာ ကမ္ဘာသိအောင်လည်း ကျနော်တို့ပြောပြီးပြီ။နိုင်ငံတွေတော်တော်များများကလည်း ဒါနဲ့ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်မှုတွေ ဖြစ်လာတယ်။ ဒါ့အပြင်တကယ့်ကို ကျူးလွန်တဲ့သူတွေအနေနဲ့ အနာဂါတ်မှာ မဖြစ်မနေသွားရမယ့် အပြည်ပြည်ဆိုင်ရာတရားမျှတမှု ဥပဒေလမ်းကြောင်းမှာ တကယ့်ကို ငြင်းချက်မရှိဘဲ ဘယ်လိုမှငြင်းဆိုခွင့်မရှိဘဲနဲ့ တရားဥပဒေရဲ့စီရင်မှုကို ကျနော်တို့ ဆက်လက်ပြီးတော့ကြိုးပမ်းနေပါတယ်။ ဖြစ်လည်းဖြစ်စေရပါမယ်။
မေး- နောက်တစ်ခုက NUG ကနေ ချင်းပြည်နယ်အတွက်ဘယ်လိုအကူညီတွေဆောင်ရွက်ပေးနေတာရှိလဲ ဖြေပေးပါဦး။
ဖြေ– ဒီအပိုင်းကတော့ ကျနော်တို့တခြားသောဝန်ကြီးဌာနများဖြစ်တဲ့ လူသားချင်းစာနာမှုထောက်ထားမှုအကူအညီနဲ့ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနနဲ့ပိုပြီးတော့သက်ဆိုင်ပြီးတော့ လုပ်ဆောင်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ကျနော်တို့ ဒီချင်းဒေသမှာရှိတဲ့ ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ပြည်သူတွေတော်တော်များများက India နယ်စပ်ကိုရောက်ရှိနေတယ်။ဒါကြောင့်မို့လို့ သူတို့အနေနဲ့ လူသားချင်းစာနာမှုအကူအညီရရှိအောင်ကျနော်တို့ ဆက်လက်လုပ်ဆောင်ပါတယ်။ဒီအချိန်မှာပဲ ဒီအဖြစ်အပျက်တွေကို စုဆောင်းပြီးတော့ခိုင်လုံတဲ့အချက်တွေနဲ့ တရားဥပဒေအရ၊ တရားမျှတမှုအရ၊ အမှန်တရားအရ ကူညီမှုတွေ ဆက်လက်ပြီးတော့ လုပ်ဆောင်နေပါတယ်။
မေး- ဝန်ကြီးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ– ဒီနေရာမှာကျနော်တို့ ထန်တလန်ကို သနားနေကြတာ ဝမ်းနည်းနေကြတာရှိပါတယ်။ ဒီသနားမှုနဲ့ ကျနော်တို့ မရပ်တန့်ဘဲနဲ့ ထန်တလန်မြို့ကို မီးလောင်တိုက်သွင်းသလို တစ်နိုငံလုံးက ပြည်သူတွေအားလုံးရဲ့ ရင်ထဲမှာ ပူဆွေးသောကဖြစ်အောင် လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို ဝမ်းနည်းရုံတင်မကပဲနဲ့ ဆတက်ထမ်းပိုး ဆက်ပြီးတော့ တွန်းလှန်ကြဖို့ သူတို့ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်အောင်လုပ်ဆောင်တဲ့နေရာမှာ နည်းပေါင်းစုံ ဘက်ပေါင်းစုံ အချိန်တိုင်းမှာဆက်လက်ပြီးတော့ ပူးပေါင်းပါဝင်ပြီး ဆန့်ကျင်ကြဖို့အတွက် အလေးအနက်တိုက်တွန်းလိုပါတယ်။
ဟုတ်ကဲ့ အချိန်ပေးဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။





