ဒီဇင်ဘာ၊၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့မှာ အာဏာသိမ်း စစ်ကောင်စီကနေ ရဲ၀န်ထမ်းတွေရဲ့ ဇနီးသည်တွေကို စစ်သင်တန်း ခေါ်ယူ သင်ကြားပေး နေတယ်လို့ သိရပါတယ်။
နောင်မွန်းမြို့မှာ ရဲအင်အားနည်းတဲ့အတွက် စစ်ရေးပိုမို ပြင်းထန်လာရင် အဆင်သင့် အနေအထားဖြစ်နေဖို့ အခုလို သင်ကြားပေးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။
“နောင်မွန်မှာက ရဲအင်အား မရှိတော့ သင်တန်း ခေါ်ကြတာပေါ့။ ရဲတွေရဲ့ ဇနီးတွေကို။ သူတို့ ဘာသတင်းကြားလို့လား။ သူတို့က အဆင်သင့် ပြင်ထားခိုင်းလို့လား။ နိုင်ငံရေးက ပို ပြင်းထန်လာမယ်လို့ မြင်တယ်။ သင်နေတာကတော့ မြို့ပေါ်ဂိတ်မှာ”လို့ ဒေသခံက ဆိုပါတယ်။
လက်ရှိ စစ်သင်တန်းတက်ရောက်နေတဲ့ အမျိုးသမီး(၅၀)လောက် ရှိနိုင်ပြီး အဲဒီထဲကမှ ရဲဝန်ထမ်း သား/သမီးတွေလည်း ပါဝင်တယ်လို့ သူက ဆက်လက် ဆိုပါတယ်။
“ဇနီးသည်တွေကို စစ်သင်တန်းပေးနေတယ်။ ရဲတွေရဲ့ ဇနီးတွေကို ခေါ်ပြီး သင်တန်းပေးတာပေါ့။ မိန်းကလေးတွေချည်းပဲ။ အယောက်(၅၀)လောက် ရှိမယ်။ အသက်ကြီးတဲ့ သူတွေပါတယ်။ အမေမရှိတဲ့သူဆို ကလေးတွေက ဝင်သင်ကြတယ်”လို့ ဒေသခံက ဆိုပါတယ်။
အဲဒီ စစ်သင်တန်း သင်ကြားနေတာ ဟာ (၃)ပတ်လောက် ရှိပြီလို့လည်း သိရပါတယ်။





