ဇန်နဝါရီ၊၄

ကချင်ပြည်နယ် ၊ ချီဖွေမြို့အနီး မေခမြစ်တစ်လျှောက်မှာ စက်ယန္တယားတွေနဲ့ ရွှေတူးဖော်တာတွေ ပိုမိုများပြားလာတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာမှာကို စိုးရိမ်နေရတယ်လို့ သိရပါတယ်။

အာဏာမသိမ်းခင်အချိန်က မေခမြစ် တစ်ဖက်ခြမ်းဘက်မှာသာ တူးဖော်မှုတွေ ပြုလုပ်ကြတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ချီဖွေမြို့ ၊ ကန်ပိုင်ယန် ဘက်မှာပါ တူးဖော်မှုတွေ ပြုလုပ်လာတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။

“အရင်ကတော့ မုတ်သုန်တော တစ်ဖက်မှာပဲ တူးကြတာ။ အခုက ချီဖွေဖက်ခြမ်း ကန်ပိုင်ယန်မှာလည်း တူးလာကြပြီ။ 

ဘက်ဟိုးတွေ ကားကြီးတွေနဲ့ နေ့နေ့ ညည တူးနေကြတာ။ ဘယ်သူ့ခွင့်ပြုချက်နဲ့ တူးကြလဲတော့ မသိဘူး။ပတ်ဝန်းကျင် ဂေဟစနစ်တွေ ပျက်စီးလာမှာကို စိုးရိမ်ရတယ်။”လို့ ဒေသခံက ဆိုပါတယ်။

ပုံဟောင်း – ယခင်နှစ် မေခမြစ်တစ်ဖက်ကမ်း (မုတ်သုံတော)က ရွှေတူးဖော်မှုနေမှု မြင်ကွင်း။

အခုလို ​စက်ယန္ဒရားတွေနဲ့ နေ့ည မပြတ် ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှာကို စိုးရိမ်နေကြသလို ရေနေသတ္တဝါတွေ ထိခိုက်ပျက်စီးလာမှာကိုလည်း စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ဆုံဒေသဘက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာလည်း စက်ယန္တယားကြီးတွေနဲ့ ရွှေတူးဖော်မှုလုပ်ငန်းတွေ ပိုမိုဆိုးရွားလာနေပါတယ်။