ဒီဇင်ဘာ၊၂၉

ကချင်ပြည်နယ်၊ မြစ်ဆုံဒေသမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုဟာ ရပ်ဆိုင်းသွားတာမျိုးမရှိဘဲ ပိုမို ဆိုးရွားလာ‌နေ တဲ့အတွက် ပြည်သူတွေအားလုံး ဝိုင်းဝန်အဖြေရှာ ဖြေရှင်းကြဖို့ တောင်းဆိုလိုတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးဆီကို ကန့်ကွက်စာတွေ ပေးပို့တိုင်ကြားတာတွေ လုပ်ခဲ့ပေမယ့် တစ်စုံတရာ ထူးခြားမှု မရှိလာတာကြောင့် ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းအဖြေရှာကြဖို့ လိုတယ်လို့ ဒေသခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။

“ဒေသခံတွေက အမြဲတမ်းခံနေရတယ်။ အမြဲတမ်းစိတ်ပူနေရပြီ။ ပုံကို ကြည့်လိုက်တာနဲ့ ကုန်နေပြီ။ ဟိုး အောက်ဘက်လည်း တော်တော် နက်နေပြီ။ ရေပြင်က အပေါ် ဖြစ်နေပြီ။ အဲဒီ အဆင့်ရောက်နေပြီ။ ဘယ်သူ့ကို အားကိုးတိုင်တည်ရမလဲ မသိတော့ဘူး။ ကုန်ကုန်ပြောရရင် ပြောစရာ စကားလုံးတောင် မရှိတော့ဘူး။ ပုံကို အကုန်လုံးကို မြင်စေချင်တယ်”လို့ ဒေသခံက ဆိုပါတယ်။

ရွှေတူးဖော်မှု ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် သ‌ဘာဝဘေးအန္တရာယ်ကို စိုးရိမ်ဖွယ် ကြုံတွေ့လာနိုင်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“ဒီအတိုင်းသာ ဆက်သွားနေမယ် ဆိုရင် ဘယ်အချိန် ဘယ်ကာလမှာ စက္ကန့်ပိုင်းအတွင်း ရေလွှမ်းသွားနိုင်တယ်လို့။ ရေကြီး၊ ရေလျှံမှုက တစ်နေ့နေ့မှာ သဘာဝ ဘေးဒဏ်ကို ဘယ်သူမှ မတားနိုင်ဘူး”လို့ သူက ဆိုပါတယ်။

အရင်က ဒေသခံတွေ တစ်နိုင်တပိုင် ရွှေတူးဖော်နေတဲ့ နေရာ၊ လမ်းတွေမှာ အစောင့်တွေချထားပြီး ဖြတ်သန်းသွားလာဖို့ အတွက်တောင် စစ်ဆေးမြန်းတာတွေ ရှိတဲ့အတွက် စိုးရိမ်နေကြရတယ်လို့လည်း သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြစ်ဆုံကမ်းနံဘေးတွေမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ ပိုမို ဆိုးရွားလာနေတာ ဖြစ်ပါတယ်။