| အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တဲ့ ဖေဖော်ဝါလနှောင်းပိုင်းမှာ မြန်မာနိုင်ငံအတွင်း ကုန်စည်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာခဲ့ပြီး လူမှုအခက်အခဲတွေကို တစ်နေ့ထက်တစ်နေ့ ပြည်သူလူထု ခါးစည်းခံနေကြရပါတယ်။
ကုန်စည်ဈေးနှုန်းမြင့်တက်မှုနဲ့အတူ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြားမှာ ဒေသခံပြည်သူတွေဟာ မိသားစု စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာပါ။ ဒါ့အပြင် ရှုပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေတွေကြား သွားရေးလာရေးမှာလည်း လုံခြုံမှုကင်းမဲ့နေတယ်လို့ ခံစားနေရပြီး ဒေသခံလူထုဟာ ဝမ်းရေးပြဿနာတွေကြား ကြောက်စိတ်၊ စိုးရိမ်စိတ်နဲ့ နေထိုင်နေကြရပါတယ်။ “အခုလို နိုင်ငံရေးမတည်ငြိမ်တဲ့ချိန်မှာ ဘာပဲလုပ်လုပ်၊ဘယ်ပဲသွားသွား စိုးရိမ်ရတယ်။ ကြောက်ရတယ်။မငြိမ်းချမ်းဘူး ။ လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။ အပြင်ပန်းမှာ စားဝတ်နေရေး အများကြီးအခက်အခဲကြုံနေသလို လူတိုင်းက စိတ်ထဲမှာ စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေ စိတ်ထဲမှာအများကြီး ခံစားကြတာပေါ့။ဘာတွေဖြစ်လာမလဲ ဘာတွေကြုံလာမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ပဲ နေကြတာပေါ့။”လို့ ပူတာအို ဒေသခံ တစ်ဦးဖြစ်တဲ့ ကိုနေ (အမည်လွှဲ)က ဆိုပါတယ်။ ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့နဲ့ (၂၁၈)မိုင်ကွာဝေးတဲ့ မြန်မာပြည်မြောက်ဖျားပိုင်းက ပူတာအိုမြို့မှာ အခြေခံစားသောက်ကုန်ပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေဟာ မြစ်ကြီးနားမြို့ထက်စာရင် နှစ်ဆနီးပါးထိမြင့်တက်နေတာကြောင့် စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ ပူတာအိုဒေသခံတစ်ဦးက National Unity Media (NUM)ကို ပြောပါတယ်။ “စားသောက်ကုန်ပစ္စည်းတွေ အဓိကဈေးတက်တယ်။ ဆီတွေ၊ဓာတ်ဆီတွေ အကုန်လုံးဈေးတက်တယ်။ မကျသေးဘူးလို့ပြောရမှာပေါ့။မြစ်ကြီးနားထက် နှစ်ဆလောက်တက်တယ်။ကုန်ဈေးနှုန်းတွေတက်တော့ ဒေသခံတွေက အစားအသောက်ပိုင်းမှာရော အသွားအလာဖက်မှာရော အများကြီး အခက်အခဲရှိတာပေါ့။ အဓိက နောင်မွန်၊ ပန်နန်းဒင်ဘက်မှာ ဂိတ်တွေရှိတော့ လူတွေသွားသွားလာလာခက်တဲ့အခါ တချို့က ရောဂါနဲ့ နိုင်ငံရေးကိုအကြောင်းပြပြီးတော့မှ ကုန်ဈေးနှုန်းတွေက မတရား တင်ထားတာတွေ ရှိတာပေါ့နော်။”လို့ ဒေသခံက ဆိုပါတယ်။ ကုန်ဈေးနှုန်းမြင့်တက်မှုဟာ လက်ရှိအချိန််ထိ ကျဆင်းသွားခြင်းမရှိသလို စက်သုံးဆီ ဓာတ်ဆီတစ်ဂါလံမှာ ကျပ်လေးထောင်ပဲ ရှိခဲ့ရာကနေ ရှစ်ထောင်ကျပ်ထိ မြင့်တက်နေပါတယ်။ ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတွေကို ပူတာအိုမြို့က တစ်ဆင့်ခံပြီး ကုန်စည်ပို့ဆောင်ရတဲ့အတွက် နောင်မွန်နဲ့ ပန်နန်းဒင်လို ဒေသတွေဘက်မှာဆိုရင် ကုန်စည်ဈေးနှုန်းတွေ ပိုပြီး မြင့်တက်နေတာကြောင့် တစ်ခြားမြို့ထက် ပိုပြီး ရုန်းကန်ရပါတယ်။ “နောင်မွန်ကျတော့ တစ်ဆင့်တစ်ဆင့်သယ်ရတယ်။နောင်မွန်မှာ ဂိတ်ရှိတယ်။ပန်နန်းဒင်မှာဂိတ်ရှိတယ်။ မြစ်ကြီးနားကနေပူတာအိုပို့တယ်။ ပူတာအိုအဖွဲ့က နောင်မွန်ကိုပို့တယ်။နောင်မွန်အဖွဲ့က ပန်နန်းဒင်ကိုပို့တယ်ပေါ့နော်။ အဲဒီလိုတဆင့်တဆင့် ပို့တဲ့အခါကျတော့ ကုန်ဈေးနှုန်းတွေက ပိုပြီးအရင်ကထက်များတာပေါ့။” လို့လည်း အထက်ပါဒေသခံက ဆိုပါတယ်။ ပူတာအိုဒေသခံတွေဟာ စားဝတ်နေရေးအတွက် ရွှေ့ပြောင်းတောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်စားသောက်ရင်း ဒေသကထွက်ရှိတဲ့ တောထွက်ပစ္စည်းတွေ ရှာဖွေရောင်းချပြီး အသက်မွေးကြပါတယ်။ “ ပူတာအိုကလူတွေက အဓိက ရွှေ့ပြောင်းတောင်ယာတွေလုပ်တယ်။ လယ်တွေလုပ်တယ် အသက်မွေးဝမ်းကျောင်းမှာက။ ငွေကြေးပိုင်းမှာက တောထွက်ပစ္စည်းတွေ ရှီးပတီးတွေ၊ ဆေးမြစ်တို့၊ ဒီချိန်မှာ ပေါတဲ့ကျောက်ဂျပိုးတို့ အဲတာတွေ ရှာနေကြတယ်။ အဲဒီလိုမျိုးရတာလေးနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတာ။” ပင်လယ်ရေ မျက်နှာပြင်အထက် ပေါင်း(၁၄၀၀)ကျော်ရှိတဲ့ ပူတာအိုဒေသမှာ နိုဝင်ဘာလကနေ မတ်လပိုင်းအထိဟာ အင်မတန်အေးတဲ့ ကာလဖြစ်တာကြောင့် အဲဒီဒေသဘက်က ဆင်းရဲနွမ်းပါးကလေးငယ်တွေအတွက် အအေးဒဏ်ကို ကာကွယ်နိုင်မယ့် ဆောင်းတွင်း အသုံးအဆောင်ပစ္စည်းတွေလည်း လိုအပ်နေပါတယ်။ အေးခဲလှတဲ့ ဒေသဖြစ်တာကြောင့် ဆောင်းတွင်းကာလဖြစ်ပေါ်တတ်တဲ့ ရာသီတုပ်ကွေး ပျောက်ကင်းစေမယ့် ဆေးဝါးတွေလည်း အဲဒီဒေသဘက်မှာ လိုအပ်နေပါတယ်။ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် မိသားစုတိုင်း စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရှာဖွေစားသောက်နေရတဲ့ ကာလမှာ အကူအညီကင်းမဲ့တဲ့ ပူတာအိုဒေသက ခိုကိုးရာမဲ့ဘိုးဘွားတွေမှာလည်း အကူအညီများစွာလိုအပ်နေပါတယ်။ အကူအညီကင်းမဲ့နေတဲ့ ခိုကိုးရာမဲ့ ဘိုးဘွားတွေဟာ ကျေးရွာတွေမှာသာမက ပူတာအိုမြို့ပေါ်ရပ်ကွက်တွေမှာလည်း ရှိနေပါတယ်။ ဆွေမျိုးရင်းချာမရှိတဲ့ အဲဒီဒေသက ခိုကိုးရာမဲ့ဘိုးဘွားတွေနဲ့ မသန်စွမ်းတွေကို ပူတာအိုမြို့က ဒေသခံလူငယ်ပေါင်းစုံပါဝင်တဲ့ ပန်းဥယျာဉ်လူမှုကူညီရေး ပရဟိတအဖွဲ့က နယ်လှည့်စောင့်ရှောက်ပေးနေပါတယ်။ ပန်းဥယျာဉ်လူမှုကူညီရေးအဖွဲ့ဟာ အဲဒီဘိုးဘွားတွေကို တစ်ကိုယ်ရေသန့်ရှင်းပေးတာ၊ ကျန်းမာရေးစောင့်ရှောက်တာတွေနဲ့ အာဟာရရှိတဲ့ အစားအသောက်တွေနဲ့ လက်လှမ်းမှီသမျှ ကူညီစောင့်ရှောက်နေကြတာပါ။ “အဓိက လိုအပ်တာက အာဟာရ နဲ့ သားသမီးတွေရဲ့ မေတ္တာတွေလိုအပ်တာပေါ့နော်။ ကျွန်တော်တို့ လူငယ်တွေ ကွင်းဆင်းပြီး သူတို့ကို ပြုစုတယ်၊ အဝတ်လျော်ပေးတာတို့၊ တစ်ကိုယ်ရေသန့်ရှင်းရေးတွေ လုပ်ဆောင်ပေးပါတယ်။လိုအပ်တာက အာဟာရရယ်၊ ဆေးဝါးရယ်ပါ။ ပူတာအိုက နှင်းတွေကျတဲ့ဒေသဆိုတော့ အနွေးထည်တို့ စောင်တို့ ခြေအိတ်၊လက်အိတ်တွေလည်း အရေးပေါ်လိုအပ်တာပါတယ်။” ပန်းဥယျာဉ်လူမှုကူညီရေးအဖွဲ့ရဲ့ တာဝန်ခံက ဆိုပါတယ်။ ဘိုးဘွားတွေရဲ့ ဘေးနားမှာ ဖေးမကူညီမယ့် သူတွေမရှိတာကြောင့် သားသမီးမေတ္တာကို တောင့်တနေကြသလို လာရောက်ကူညီတဲ့ အဖွဲ့အစည်းက လူငယ်တွေမရောက်ရှိလာရင် ဝမ်းနည်းမျက်ရည်ကျနေတတ်တယ်လို့လည်း ဆိုပါတယ်။ နေထိုင်စားသောက်ရေး အခက်ကြုံနေကြတဲ့ အဲဒီဘိုးဘွားတွေအတွက် လက်ရှိအချိန်မှာ အာဟာရရှိတဲ့ အစားအသောက်တွေ၊ အားဆေးတွေ အဓိက လိုအပ်နေတဲ့အပြင် နွေးထွေးစေမယ့် ဆောင်းတွင်းသုံး ပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ “အသက်ကြီး ဘိုးဘွားတွေထဲမှာ မသန်စွမ်းလူတွေပါတယ်။ သားထောက်သမီး မရှိတဲ့သူများတယ်။သားသမီးမရှိတဲ့ မုဆိုးမတွေပေါ့။ သူတို့ အများကြီး စားဝတ်နေရေးခက်ခဲမှုတွေရှိတယ်။ ငွေကြေးမရှိလို့ မဝတ်နိုင် မစားနိုင် ဘိုးဘွားတွေလည်း အများကြီးရှိတယ်။လက်လှမ်းမမှီတဲ့နေရာမှာရှိတာပေါ့။ ပူတာအိုက ရေခဲတောင် အေးတဲ့ဒေသဆိုတော့ အအေးဒဏ်ကြားမှာ နေထိုင်စားသောက်ရေး အခက်အခဲတွေ အများကြီးရှိ၊ ဘိုးဘွားသက်ကြီးတွေတွက် နွေးထွေးစေမယ့် စောင်တို့ အနွေးထည်တို့လည်းလိုအပ်ပါတယ်။” တာဝန်ခံက အခက်အခဲကို ရှင်းပြပါတယ်။ ဒါ့အပြင် ပူတာအိုမြို့ ၊ ဒုတ္တန်ရပ်ကွက်က ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာလည်း ဆေးဝါးနဲ့ အစားအသောက်လိုအပ်မှုတွေ ရှိနေပါတယ်။ ခါကာဘို ဘိုးဘွားရိပ်သာဟာ အခက်အခဲကြုံတွေ့နေတဲ့ ပူတာအိုဒေသက ဘိုးဘွားတွေကို စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် ဝိညာဉ်ရေးရာတွေကိုပါ ပြုစုစောင့်ရှောက်နေတာပါ။ လက်ရှိအချိန် အဲဒီရိပ်သာက ဘိုးဘွားတွေအတွက် အတက်အဆင်း အထိုင်အထ လွယ်ကူမယ့် ဘိုထိုင်အိမ်သာ တည်ဆောက်ဖို့ စီစဉ်နေပေမယ့် ကိုယ်ထူကိုယ်ထ ရိပ်သာဖြစ်တာကြောင့် ငွေကြေးပိုင်းဆိုင်ရာ ခက်ခဲမှုတွေရှိနေတယ်လို့ ရိပ်သာတည်ထောင်သူက National Unity Media(NUM) ကိုပြောပါတယ်။ အခုလို လိုအပ်မှုတွေရှိနေတဲ့ ဘိုးဘွားတွေအတွက် ပါဝင်လှူဒါန်းနိုင်တဲ့သူတွေ အနေနဲ့လည်း ကူညီပေးစေချင်တယ်လို့ ခါကာဘို ဘိုးဘွားရိပ်သာ တည်ထောင်သူက အခုလို မေတ္တာရပ်ခံပါတယ်။ “အဓိက ကျွန်တော်တို့လည်း တစ်နေ့ကျတော့ ဒီအဘိုးအဘွားတွေလိုပဲ တစ်နေ့ ဒီလိုအဖြစ်အပျက်ကြုံလာမယ်ဆိုတော့ ကျွန်တော်တို့ ပါဝင်နိုင်တဲ့သူတွေ အလှူအတန်းပေးနိုင်တဲ့သူတွေက ပါဝင်ခြင်းအားဖြင့် ကောင်းချီးယူဖို့ ပြောချင်ပါတယ်။“
|





