ကချင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လကနေ တစ်ကျော့ပြန်စစ်ပွဲတွေဖြစ်ပွားခဲ့တာဟာ အခုဆိုရင် ဆယ်စုနှစ်တစ်စုကျော်ရှိလာပြီ ဖြစ်ပြီး စစ်ရှောင်ပြည်သူ တစ်သိန်းကျော်ဟာလည်း နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

၁၉၉၄ ခုနှစ်ကစလို့  (၁၇) နှစ်ကြာ အပစ်ရပ်စဲထားတဲ့ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ဟာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေနဲ့ တစ်ကျော့ပြန် ပြန်လည် စတင်ခဲ့တဲ့ အချိန်ကစပြီး တိုက်ပွဲဖြစ်ပွားရာ ဒေသတွေကနေ မြို့ပေါ်ကို စစ်ရှောင်လာခဲ့ရတာ ဖြစ်ပါတယ်။

စစ်ပွဲသက်တမ်း ၇ နှစ်ကျော်လာချိန် ၂၀၁၈ ဒီဇင်ဘာမှာ မြန်မာစစ်တပ်ဘက်က တစ်ဖက်သတ် အပစ်ရပ်ကြေညာခဲ့ချိန်ကစလို့  ၂၀၁၉ ခုနှစ် တစ်နှစ်လုံး မြန်မာစစ်တပ်နဲ့ KIA တို့အကြားတိုက်ပွဲတွေမရှိသလောက် ဖြစ်သွားခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၉ နှစ်ကုန်ပိုင်းလောက်ကစလို့ ဗန်းမော်နဲ့ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့က စစ်ရှောင်စခန်းတွေမှာ နေထိုင်တဲ့ စစ်ရှောင်ပြည်သူ တစ်ချို့ဟာ နေရပ်ပြန်တာတွေ ရှိလာခဲ့ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ နေရပ်ပြန်ခဲ့ကြပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ရှောင်စခန်းတွေကို တစ်ဖန် ပြန်လည်တိမ်းရှောင်ခဲ့ရပြီး နောက်တစ်ကြိမ်နေရပ်ပြန်နိုင်ဖို့အတွက် လုံခြုံရေးနဲ့ အာမခံချက်ရှိမှ နေရပ်ပြန်နိုင်မှာ ဖြစ်တယ်လို့ မြစ်ကြီးနား တပ်ကုန်း ငေါ့ချမ်း KBC စစ်ရှောင် စခန်းမှာနေထိုင်တဲ့ မထုနန်က အခုလိုပြောပါတယ်။

” ကျွန်မကတော့ ၂၀၁၁ ဇွန် ၁၅ ကနေပြီးတော့ ဒီမြစ်ကြီးနားကို လွတ်မြောက်လာတယ်။ဒီမြစ်ကြီးနား တပ်ကုန်း ငေါ့ချမ်း KBC စခန်းမှာနေတယ်။ ကျမတို့အားလုံးကတော့ကိုယ့်ဒေသကို ကိုပြန်ချင်ပြီပေါ့။ ဒါပေမယ့်လုံခြုံရေးမရှိတဲ့အတွက်ကြောင့်မို့လို့ ဒီမှာနေနေရတာပေါ့။ ကျမတို့ရွာကိုပြန်တဲ့အခါ တခါတလေကျရင်သေနတ်သံတွေကြားနေရတယ်။ဟိုတစ်ခါတုန်းကဆိုရင် အားလုံးကို ဘနှနာရီအတွင်းမှာ ရွာထဲမှာရှိတဲ့သူတွေအားလုံး လယ်တောထဲရှိတဲ့သူတွေအားလုံးကိုလည်း စစ်တပ်ကနေလာပြီးတော့မောင်းထုတ်တာပေါ့။ အဲ့လိုမျိုးလည်းရှိတဲ့အတွက်ကြောင့်မို့ ဒီပြန်ဖို့အတွက်က လုံခြုံရေးက မရှိသေးဘူးလို့။ “ လို့ မထုနန်က ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ မိမိဌာနေ မိမိနေရပ်ကို ပြန်ချင်ကြပေမယ့် လုံခြုံရေးအတွက် အာမခံချက်မရှိတာကြောင့် နေရပ်ပြန်ဖို့အတွက် စိုးရိမ်နေကြတယ်လို့ ဂျော်မဆတ် စစ်ရှောင်စခန်းမှာနေထိုင်တဲ့ စစ်ရှောင်တစ်ဦးကလည်း အခုလိုပြောပါတယ်။

“နေရပ်ပြန်ရေးဆိုတော့ ပြန်ချင်တာတော့ အရမ်းပြန်ချင်ပါတယ်။ ဒါပေမယ့်အာမခံချက်မရှိပဲနဲ့လေ ခနခန ပြန်ထွက် ပြေးနေရတဲ့ဟာမျိုး ပြီးတော့ ပြန်တယ်ဆိုတာအခု ကိုချန်ထားခဲ့တဲ့နေရာတွေက တကယ့်တောကြီးတွေလည်း ဖြစ်နေတဲ့ဟာတွေလည်းရှိတယ်။ အဲ့ဒီမှာ ဘယ်လောက်အတိုင်းအတာအထိ ဘယ်လို့အဆင့်ထိ လူနေမှုအဆင့်တန်းအလိုက် စီစဉ်ပေးရင်တော့ ပိုအဆင်ပြေတာပေါ့။ပြန်တာတော့အခုချက်ချင်း ကျမတို့ကို စီမံခန့်ခွဲပေးရင် ပြန်ရမယ်ဆိုရင်တော့ အရမ်းဝမ်းသာတယ်။ ဒါပေမယ့်အာမခံချက်မရှိဘဲ ပြန်နေရမှာကိုတော့ နည်းနည်းစိုးရိမ်တယ်။”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ပို့နိုင်ရေး၊ ဒုက္ခသည်စခန်း ပိတ်သိမ်းနိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ NLD အစိုးရ လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး  ဝန်ကြီးဌာနကနေ မဟာဗျူဟာတွေ ချမှတ်ရေးဆွဲခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ကနေ ဖေဖော်ဝါရီ (၁) ရက်နေ့မှာ နိုင်ငံတော် အာဏာသိမ်းလိုက်တာကြောင့် ဝန်ကြီးဌာနတွေမှာ စစ်ကောင်စီက ခန့်အပ်တဲ့ သူတွေအစားထိုးနေရာယူလိုက်ပြီဖြစ်ပါတယ်။

စစ်ကောင်စီက ခန့်အပ်တဲ့ လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအတွက် လက်ရှိတာဝန်ခံထားတဲ့သူကတော့ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဌ ဒေါ်သက်သက်ခိုင်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ရှောင်အရေးနဲ့ ပတ်သက်ပြီး သူမရဲ့လုပ်ဆောင်ချက်တွေကို တွေ့ရှိရခြင်းမရှိသေးပါဘူး။

အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး ပထမအဆင့်အနေနဲ့  ကချင်ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ PCG အပါအဝင် ခရစ်ယာန်အသင်းတော်ပေါင်းစုံနဲ့ စစ်ကောင်စီတို့ ပြီးခဲ့တဲ့နိုဝင်ဘာလ (၁) ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ကဖိတ်ကြားခဲ့လို့ ခရစ်ယာန် ဘာသာရေးအဖွဲ့အစည်း (၆) ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) ကကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီတွေ့ဆုံမှုဟာ အရင် NLD အစိုးရလက်ထက်က ရှိပြီးသား ဆွေနွေးမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် သွားရောက်တွေ့ဆုံခဲ့ခြင်းသာ ဖြစ်တယ်လို့ နိုဝင်ဘာလ (၁)ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ RC အသင်းတော်က Father ဒေါက်တာ ပီတာခါးအောင်တူးက ပြောပါတယ်။

“အရင်တုန်းက ကျနော်တို့ ဒီ ကချင်စစ်ဘေးရှောင်ပြည်သူများကူညီစောင့်ရှောက်ရေးကော်မတီ KHCC Kachin Humanitarian Concern Committee အဖွဲ့နဲ့ ဒီဘက်က အစိုးရ‌ရော ဟိုဘက်က KIA အဖွဲ့နဲ့ ရော ဆွေးနွေးပြီးတော့ ကျနော်တို့ ရွေးချယ်ထားတဲ့ ရွာတွေရှိပါတယ်။အဲ့ဒါ ၂၇ ရွာပေါ့။ ရွာကတစ်ချို့ကျတော့ပြန်ပြီးပြီ။ တချို့ မပြန်နိုင်သေးတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်။ အဲ့ဒီရွာတွေကိုလည်း ထပ်ပြီးတော့ပြန်နိုင်အောင်လုပ်ပေးဖို့ နောက်တစ်ခုက IDP က ပြည်သူများလည်း ကိုယ့်နယ် ကိုယ့်ဒေသမှာပြန်နိုင်ဖို့ဆွေးနွေးထားတာပေါ့လေ။ဒါကိုတော့ကျနော်တို့ဘယ်တော့ အကောင်ထည်ဖော်မယ်ဆိုတာတော့ မပြောတတ်ဘူး ဒါပေမယ့်ကျနော်တို့ ကိုယ့်ဌာနေကို ပြန်ပြီးတော့နေဖို့ဆိုတာတွေတော့ ဆွေးနွေးချက်ထဲမှာ ပါတာပေါ့။ စစ်ကောင်စီဘက်ကတော့ ဗိုလ်ချုပ်ကြီးရာပြည့်တို့ ပါပါတယ်။ဒီဆွေးနွေးအတွက်ကိုတော့  သူတို့ဘက်က ကမ်းလှမ်းတာဖြစ်ပါတယ် ‌လုပ်သင့်တဲ့အရာကိုပဲ ဆွေးနွေးသွားတာ ဖြစ်ပါတယ်” Father ဒေါက်တာ ပီတာခါးအောင်တူးက ရှင်းပြပါတယ်။

အဲ့ဒီတွေ့ဆုံမှုဟာ အရင်ရှိပြီးသား ဆွေနွေးမှုတွေရဲ့ နောက်ဆက်တွဲအဖြစ်  စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး (KIO) ရဲ့သဘောထားမပါဝင်ဘူးလို့လည်း သိရပါတယ်။

အခုလက်ရှိအချိန်မှာတော့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားမှာလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီးတော့ နှစ်ဖက်တပ်တွေအကြားမှာ ညှိနှိုင်းတဲ့ အခြေနေလည်း မရှိပါဘူး။

နိုဝင်ဘာလ (၁) ရက်နေ့က ကချင်စစ်ရှောင်ပြည်သူတွေ နေရပ်ပြနိုင်ရေးအတွက် ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ ကချင်စစ်ဘေးရှောင်ပြည်သူများကူညီစောင့်ရှောက်ရေးကော်မတီ  Kachin Humanitarian Concern Committee (KHCC)  အဖွဲ့အနေနဲ့ကတော့ အရင်အစိုးရအဖွဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဋ္ဌာန NRPC နဲ့ KIO/KIA တို့နဲ့ သဘောတူဆွေးနွေးခဲ့တဲ့ နေရပ်ပြန်ရေး ၂၇ ရွာကို အဓိကဆောင်ရွက်နေတဲ့အကြောင်းကိုပဲဆွေးနွေးခဲ့တာဖြစ်တယ်လို့ KHCC အဖွဲ့တာဝန်ခံ ဆရာခါးလီကပြောပါတယ်။

” နိုဝင်ဘာ ၁ ရက်နေ့မှာ ကျနော်တို့ IDP နေရပ်ပြန်ရေးလက်ရှိဆောင်ရွက်နေတဲ့အပေါ်မှာ အခြေခံပြီးတော့ ရှေ့ဆက်ပြီးတော့ လုပ်ရမယ့်ဟာတွေလည်း စီမံကိန်း ဘယ်လိုပုံစံနဲ့ လုပ်မယ်ဆိုတဲ့အပေါ် မူပိုင်းဆိုင်ရာမှာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။အဲ့ဒါ အခု လောလောဆယ်မှာတော့ ကျနော်တို့လက်တွေ့လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းအနေနဲ့လည်း ၂၇ ရွာကိုအဓိကအခြေခံပြီးတော့ဆောင်ရွက် ရမှာဖြစ်တဲ့အကြောင်း တင်ပြခဲ့တာဖြစ်ပါတယ်။ ပြီးတော့ လောလောဆယ်မှာ နိုင်ငံတကာရဲ့အကူအညီလည်း လောလောဆယ် အခြေအနေမျိုးမှာ အများကြီးရနိုင်ဖို့ ခက်ခဲတဲ့အတွက် လက်ရှိကျနော်တို့မှာရှိတဲ့ ရန်ပုံငွေလည်း အလေအလွင့်မဖြစ်အောင် ထိထိရောက်ရောက်နဲ့ဆောင်ရွက်နိုင်အောင် ဒီ ၂၇ ရွာကို အဓိက ဆောင်ရွက်မယ်ဆိုပြီးတော့ ကျနော်တို့တင်ပြခဲ့တာရှိပါတယ်။” လို့ ဆရာခါးလီက ဆိုပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေဟာ စစ်ဘေးရှောင်စခန်းတွေမှာ အချိန် ဆယ်နှစ်ကျော်ကြာ ကုန်ဆုံးခဲ့ပြီဖြစ်လို့ သူတို့ရဲ့ဘဝကို အသစ်တဖန်ပြန်စဖို့အတွက် စိန်ခေါ်မှုများစွာရှိနေပြီးတော့ တချို့မိသားစုထဲက အသက်ကြီးတဲ့သူတွေ မရှိတော့တာကြောင့် ကိုယ့်နယ်မှာ ပြန်နေဖို့အဆင်မပြေတော့တဲ့အတွက် မြို့ပေါ်က မြေလွတ်တွေမှာ ပြန်လည်နေရာချထားပေးစေလိုတယ်လို့ ဂျော်မဆတ်  စစ်ရှောင်စခန်းမှာနေထိုင်တဲ့ စစ်ရှောင်ပြည်သူတစ်ဦးက အခုလိုပြောပါတယ်။

“နေရပ်ပြန်ရေးဆိုတာ နေရပ်ပြန်သည်ပဲဖြစ်စေ ပြန်လည်နေရာချထားရေးပဲဖြစ်စေ သဘောက စစ်ရှောင်တချိုု့တွေက ဒီဘက်မှာပဲ အလုပ်တွေလုပ်ပြီး နေထိုင်လာတာကြာပြီဖြစ်တာကြောင့် နေရပ်ပြန်လို့ရှိရင်အစကနေဘဝပြန်စသလိုဖြစ်နေမှာဆိုတော့ ဒီမှာပဲ မြေလွတ်မြေလပ်တို့ရှိရင် IDP ဖြုတ်သိမ်းရေးဆိုပြီးတော့ အဲ့လို နေရာမှာချထားပေးတယ်ဆိုရင်တော့အဆင်ပြေပါတယ်။ တချို့တွေကြတော့ ကိုယ့်ဌာနေကိုပြန်ချင်တဲ့သူလည်းရှိတယ်။ အဲ့ဒါကြောင့် ကိုယ့်နယ်မြေမှာပြန်ချင် အိမ်တွေဘာတွေစီစဉ်ပေးတာ လုပ်ပေးသင့်တယ်လို့ မြင်တာပေါ့။ “ လို့ အထက်ပါ စစ်ရှောင်ပြည်သူက ဆိုပါတယ်။

ဒါပေမယ့် စစ်ရှောင်ပြည်သူတွေအနေနဲ့  စစ်ရှောင်စခန်းမှာပဲ နေထိုင်ခဲ့တာ ကြာပြီဖြစ်တာကြောင့် နေရပ်ပြန်တဲ့အခါမှာလည်း စားနပ်ရိက္ခာ၊ ကျန်းမာရေးအကူအညီ ထောက်ပံ့ပေးတာတွေပြင် ကို့ယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့အတွက် နည်းပညာ အထောက်အပံ့တွေပေးစေချင်တယ်လို့ စစ်ရှောင်ပြည်သူက ဆက်လက်ပြောပါတယ်။

” နည်းပညာဆိုတဲ့နေရာမှာ အဓိကတော့ စိုက်ပျိုးရေးပေါ့နော်။ နောက်ပြီးတော့မှ မွေးမြူရေးပေါ့နော်။ တခြား ဝင်ငွေရတဲ့လုပ်ငန်းတွေပေါ့ အဲ့ဒီနည်းပညာလေးတွေ ပြန်ပြီးပေးစေလိုတာပေါ့။ အဲ့ဒီအခါကျမှပဲကိုယ့်ခြေကို ရပ်တည်နိုင်မှာ။ ကျမတို့လုပ်ခဲ့တဲ့တောင်ယာတွေ အားလုံးကလည်း ဒီမြေအားလုံးကလည်း ကျမတို့ပြန်ရချင်မှရမယ်။ အဲ့လိုပုံစံဖြစ်နေတာပေါ့နော်။ အဲ့ဒါကြောင့်မို့ ကျမတို့အတွက် ဝမ်းရေးအဓိကလိုအပ်နေတာပေါ့။ “လို့ ဆိုပါတယ်။

နေရပ်ပြန်ရေးနဲ့ပတ်သက်လို့ စစ်ရှောင်ပြည်သူတွေထဲမှာ သဘောထားကွဲလွဲမှုတွေရှိပေမယ့် စခန်းတာဝန်ရှိသူတွေ အနေနဲ့အတင်းအကြပ် နေရပ်ပြန်ခိုင်းတာမရှိသလို နေရပ်ပြန်ချင်တဲ့သူတွေ လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် စီစဉ်ပေးတာတွေရှိတယ်လို့ KHCC တာဝန်ခံ ဆရာခါးလီက ပြောပါတယ်။

“စစ်ရှောင်တွေကတော့ သဘောထားတွေ ကွဲလွဲတာတွေ ရှိတာပေါ့။သူတို့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိတဲ့အတွက် တချို့တွေက ပြန်ချင်တဲ့လူတွေရှိတယ်။ တချို့တွေက မပြန်ချင်တဲ့သူတွေရှိတယ် တချိုု့မပြန်ချင်တော့တဲ့ စစ်ရှောင်တွေလည်း ရှိပါတယ်။ မပြန်ချင်တော့တဲ့ ဆိုတာက ဒီဘက် မှာရောက်လာတဲ့အခါမှာ ဒီမြို့ပေါ်မှာပဲကြီးပြင်းလာတယ်။ ပြီးတော့ ဟိုဘက်ရွာမှာ လည်း သူတို့ရဲ့မူရင်းရွာလည်း အစကနေ ပြန်ပြီးရတဲ့ဟာမျိုးတွေဖြစ်နေတဲ့အတွက် သူတို့အပေါ်မှာလည်း စိုးရိမ်မှုတွေရှိတာကြောင့် ဒါတော့တစ်ယောက်နဲ့ တစ်ယောက်မတူကြဘူး။ အရမ်းပြန်ချင်တဲ့စိတ်နဲ့ ကျနော်တို့ဆောက်လုပ်ရေး တောင်မပြီးသေးဘူး သူတိုဖာသာ သူတို့လာနေပြီးတော့ ခြံတွေလာခတ် ပြီးတော့ အဲ့မှာ လာပြင်ဆင်နေတဲ့အဖွဲ့တွေလည်းရှိပါတယ်။ ဒါတော့ တစ်ဦးတစ်ယောက်ရဲ့ဆုံးဖြတ်ချက်မှာမူတည်ပြီးတော့ ကျနော်တို့အနေနဲ့ တော့ တကယ်ပြန်ချင်တယ် လုပ်ကိုင်စားသောက်ချင်တယ်ဆိုတဲ့အပေါ်မှာပဲ ကျနော်တို့ စီစဉ်ပေးတာဖြစ်ပါတယ်။ အရမ်းကြီးကို ဖိအားနဲ့သူတို့ပြန်ရမယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ “လို့ ဆရာခါးလီက ပြောပါတယ်။

ဒါ့အပြင် IDP တွေနေရပ်ပြန်နိုင်ဖို့အရေးဟာ အားလုံးရဲ့ တာဝန်ဖြစ်ပြီး စစ်ရှောင်ပြည်သူတွေ ဘဝပြန်လည်ရပ်တည်နိုင်ရေး၊ကိုယ့်ဒေသမှာကိုယ်နေထိုင်နိုင်ရေးအတွက် ဘက်ပေါင်းစုံ နည်းလမ်းပေါင်းစုံနဲ့ အားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်မယ် ဆိုရင်တော့ အောင်မြင်နိုင်မှာဖြစ်တယ်လို့ ဆရာခါးလီက ဆက်လက် ဆိုပါတယ်။

“အခုဒီ IDP နေရပ်ပြန်ရေးဟာကျနော်တို့ အားလုံးရဲ့တာဝန်ဖြစ်ပါတယ်။ မပြန်ချင်တဲ့သူလည်း ရှိကောင်းရှိပါလိမ့်မယ်။ သူတို့အကြောင်းအမျိုးမျိုးကြောင့် လုံခြုံရေးကြောင့်လည်းဖြစ်မယ် ငွေရေးကြေးရေးကိစ္စကြောင့်လည်း ဖြစ်မယ်။ သူတို့ရဲ့ စိုးရိမ်ပူပန်မှုကြောင့်လည်းဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ဒီ IDP တွေ သူတို့တွေရဲ့ဘဝကို ပြန်လည်ရပ်တည်သွားနိုင်အောင်သူတို့ရဲ့ ကိုယ့်ခြံဝင်း ကိုယ်မှာ ပြန်လည်ရပ်တည်သွားနိုင်အောင် အားလုံးနည်းလမ်းပေါင်းစုံ ဘက်ပေါင်းစုံနဲ့ အားလုံးဝိုင်းဝန်းပြီးတော့ကူညီဆောင်ရွက်ပေးစေလိုပါတယ်။” ဆရာခါးလီက ဆက်လက်ရှင်ပြပါတယ်။

စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြားက တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ရှောင်ပြည်သူ တစ်သိန်းကျော်ဟာ ဒီကနေ့အထိနေရပ်ပြန်နိုင်ခြင်းမရှိသေးပဲ ဒုက္ခမျိုးစုံခံစားရင်း စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြရသလို ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က စီစဉ်ထားတဲ့ စစ်ဘေးရှောင်တွေရဲ့ နေရပ်ပြန်နိုင်ရေးအိပ်မက်ကလည်း စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် မှေးမှိန်သွားခဲ့ရတာ ဖြစ်ပါတယ်။