အောက်တိုဘာ၊ ၇
ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ဘန်ကောက်ကျေးရွာနဲ့ နောင်းမီကျေးရွာကြားရှိ တရုတ်တံတားမှာ ရှဒူးဇွပ်ကျေးရွာကနေ ခြေကျင်နဲ့ မြစ်ကြီးနားဘက်ကို ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ အနီးနားမှာရှိတဲ့ ဒေသခံတစ်ဦးက National Unity Media (NUM)ကို ပြောပါတယ်။
ရှဒူးဇွပ်ကျေးရွာကနေ မြစ်ကြီးနားကို ဆင်းလာချိန် ဘန်ကောက်ကျေးရွာအကျော် တရုတ်တံတားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။
” စစ်ကောင်စီတပ်တွေက ခြေထောက်နာတဲ့ သူတွေရောများတယ်။ အသက်ကြီးတဲ့ သူတွေရော များကြီးပဲ။ ခြေကျင်နဲ့ ဖြည်းဖြည်းချင်းလာကြတာ။ အဲ့ဒီတရုတ်တံတားမှာ ရောက်တော့ မိုင်းနဲ့ တစ်ကြိမ် ပစ်ခံရတယ်။ အဲ့ဒီနောက်တော့ သေနတ်တွေအရမ်းကြားရတယ်။ နှစ်ဖက်အပြန်အလှန်ပစ်တာလား စစ်ကောင်စီဘက်ကပဲ တစ်ဖက်သတ် ပစ်တာလားတော့ မသိဘူး” လို့ ဒေသခံက ဆိုပါတယ်။
အနီးနားရှိ ဒေသခံတွေကတော့ မိုင်းဆွဲ ပစ်ခတ်ခဲ့တဲ့ အဖွဲ့ဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဖြစ်နိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၄) ရက်နေ့က စစ်ယာဥ်တန်း လိုက်ပို့ပြီး ခြေကျင်နဲ့ ပြန်ခေါက်လာတဲ့ အဖွဲ့တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။





