အောက်တိုဘာ၊၄
တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာမှာ စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးတက်လာတဲ့ ယာဉ်တန်းလုံခြုံရေး ယူပေးနေတဲ့သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီကနေ့မနက်(၈)နာရီလောက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
စစ်ကောင်စီ ယာဉ်တန်း လုံခြုံရေးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတဲ့‌နောက် တနိုင်းမြို့နယ် အတွင်း နောက်ထပ်တစ်နေရာ ဖြစ်တဲ့ တိန်ကောက်ကျေးရွာ ဂျန်ပူအထက်ဘက်နားမှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
” ဒီမနက်(၈)နာရီလောက်က ကောင်ရာမှာ ဗုံး(၄)လုံးလောက် ဖောက်ခွဲ ပေးတယ်။ လုံခြုံရေးယာဉ်တန်းကို ဟုတ်တယ်။ ပြီးတော့တိန်ကောက် အောက်ဘက်က တာဝါတိုင်နားမှာလည်း စောင့်ပစ်ကြတယ်”လို့ ဒေသခံက ဆိုပါတယ်။
တိန်ကောက်ကျေးရွာမှာ စစ်ကောင်စီတပ်ကို KIAကနေ စောင့်ကြိုပစ်ခတ်ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တယ်လို့လည်း ဒေသခံက ဆက်လက်‌ ပြောပါတယ်။
“တိန်ကောက်မှာက (၁၀)နာရီကျော်လောက်က ဖြစ်တာ။ တိုက်ပွဲ ပြင်းထန်နေ။ စောင့်ကြို ပစ်တဲ့ သဘော ဟုတ်တယ်လို့”သူက ဆိုပါတယ်။
အခု တိုက်ပွဲပြင်းထန်‌ နေတဲ့ နေရာဟာ (KIA) တပ်မဟာ(၂)အောက် တပ်ရင်း(၄၃)တို့ရဲ့ နယ်မြေ ဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီကနေ (၅)လ အပစ်ရပ်ကြောင်း ကြေညာထားပေမယ့်လည်း ကချင်ပြည်နယ်အတွင်း စစ်အင်အားတွေ တိုးချဲ့လာနေပြီး တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပွားနေပါတယ်။