အောက်တိုဘာ၊၂
ဖားကန့်မြို့နယ်၊ဝါရာဇွပ်ကျေးရွာအုပ်က ယုဇန ကုမ္ပဏီလမ်း ဖောက်လုပ်ထားတဲ့ တရုတ်တံတားအကျော်မှာ စံပြပြည်သူ့စစ်တွေနဲ့အတူ စစ်ကောင်စီတပ် ယာဉ်တန်းဆင်းလာချိန်ကို လုံခြုံရေးယူပေးနေတဲ့ တပ်သားတွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်( KIA)တို့ ဒီကနေ့ မနက်(၈)နာရီလောက်မှာ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စံပြ ပြည်သူ့စစ်က စစ်သားတွေနဲ့ စစ်ကောင်စီ တပ်သားတွေ လိုက်ပါလာတဲ့ ယာဉ်တန်းနဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တရုတ်တံတားအကျော်မှာ ဖြစ်တာ။ စံပြပြည်သူ့စစ် ကား(၂)စီးရော ဆင်းလာတယ်။ စစ်သားတွေရော ပါတယ်။ ယာဉ်တန်းကို လုံခြုံရေးယူတဲ့ သူတွေနဲ့ ပစ်ကြတာ ထင်တယ်။”လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဝါရာဇွပ်ကျေးရွာအုပ်စုမှာရှိတဲ့ ၀ခါး (Wa Hka)သွားတဲ့လမ်းဘက်မှာ တိုက်ပွဲဖြစ်နေချိန် ရှဒူးဇွပ်တပ်ရင်း(၂၉၇)ကနေ လက်နက်ကြီး (၂)ခေါက် ပစ်ခဲ့ပြီး ဝခါး Wa Hka post သွားလမ်းဘက်မှာ လက်နက်ကြီးတစ်လုံးနဲ့ ရှဒူးဇွပ် ရွာအတွင်း တစ်လုံးကျရောက်ခဲ့တယ်လို့လည်း ဒေသခံက ဆက်လက်ဆိုပါတယ်။
” (၂)ချက် ကြားတယ်။ ရှဒူးဇွပ်တပ်ရင်းက ပစ်တာ ထင်တယ်။ ရှဒူဇွပ်ရွာမှာလည်း လက်နက်ကြီး တစ်လုံးကျတယ်။”လို့ ဒေသခံက ဆိုပါတယ်။
အဲဒီလို လက်နက်ကြီး ပစ်ပြီးတဲ့နောက် နှစ်ဖက်တပ်ကနေ အပြန်အလှန် လက်နက်ကြီးငယ်နဲ့ ပစ်ခတ်ကြပြီးတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေပြီးနောက် ဝါရာဇွပ်ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။
“သူကအိပ်နေတာ မီးဖိုချောင်မှာ တစ်လုံးကျပြီး ပေါက်ကွဲတာ၊။အဲဒီမိုင်းစမှန်ပြီး ဦးအင်ဘူဇော်ဖမ်းရဲ့ပေါင်မှာထိသွားတယ်။ အခုရွာသားတွေအားလုံး ကြောက်ပြီး မိမိသက်ဆိုင်ရာ ဘုရားကျောင်း၀င်း ထဲ ထွက်ပြေးနေကြပြီ” လို့ ဒေသခံက ပြောပါတယ်။
ဝါရာဇွပ်ကျေးရွာအုပ်စုအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပွားနေပြီး ယမန်နေ့ညတကလည်း ဝါရာဇွပ်ကျေးရွာအတွင်း လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် ရွာသားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။





