စက်တင်ဘာ၊၃၀
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်က ဖုန်းဆိုင်ကြီးအချို့မှာ အင်တာနက်လိုင်းကို (၁)နာရီ တစ်သောင်းနှုန်းနဲ့ သုံးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီဖုန်းဆိုင်ကြီး အချို့မှာ (၁)နာရီ(၁)သောင်းနဲ့သုံးနေရတဲ့အပြင် ဟိုတယ် အချို့မှာလည်း ညလုံးပြတ်(၁)သိန်းနဲ့ သုံးလို့ရတဲ့ နေရာတွေလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တစ်နာရီတစ်သောင်းနဲ့ ပေးသုံးနေရတယ်။ ဘယ်လိုsystem(စနစ်) စက်တွေနဲ့ သုံးလဲဆိုတာတော့ မသိဘူး။ ဖုန်းဆိုင်ကြီး အချို့မှာပဲရတယ်။ (၂)ဆိုင်(၃)ဆိုင်ပေါ့။ ဟိုတယ်မှာက တစ်ညအပြတ်ဆိုရင် တစ်ည(၁)သိန်းပေါ့။ အဲဒီလို ရတဲ့နေရာလည်း ရှိတယ်။”လို့ ဒေသခံက ဆိုပါတယ်။
လက်ရှိ အွန်လိုင်းပေါ်ကနေ ဈေးရောင်းသူတွေ၊ စီးပွားရေးသမားတွေ အစရှိသူတွေက အသုံးများနေပြီး အခုလို သုံးနေရတဲ့အပေါ် အထက်ပါ ဒေသခံက “သတင်းအချက်အလက်တွေ ဖြတ်တာတော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ မရဘူးဆိုတာထက် အခုလို ရနေတာကတော့ ဘာပဲပြောပြော နည်းနည်းထွက်ပေါက်ရှိတဲ့ သဘောပေါ့။ သုံးတာကတော့ အွန်လိုင်းပေါ်က ဈေးရောင်းတဲ့သူတွေ၊ ကျောက်ရောင်းဝယ်ရေး လုပ်တဲ့သူတွေ အများပိုင်း တွေ့ရပါတယ်။ သုံးတဲ့သူကတော့ တန်အောင် သုံးရတာပေါ့။ မရှိတာထက်စာရင်တော့ ကောင်းပါတယ်”လို့ သူက ပြောပါတယ်။
အခုလို ငွေပေးသုံးနေရတာဟာ ရက်(၂၀)လောက်ရှိနေပြီဖြစ်ပြီး အင်တာနက်လိုင်း အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ကိုလည်း တောင်းဆိုလိုတယ်လို့လည်း ဆိုပါတယ်။
ဖားကန့်မြို့နယ်မှာ ဩဂုတ်လ (၂၀) ရက်နေ့ကတည်းက အင်တာနက်လိုင်းတွေ ဖြတ်လိုက်ပြီး လက်ရှိအချိန်ထိ ဖြတ်တောက်ခံထားရဆဲလည်း ဖြစ်ပါတယ်။





